
AB News – မတ် ၁၄၊ ၂၀၂၆
အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက်နေသော ခါ့ဂ်ကျွန်း (Kharg Island) ပေါ်ရှိ စစ်ရေးပစ်မှတ်များကို အမေရိကန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လိုက်ကြောင်း AFP နှင့် CNA သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုတိုက်ခိုက်မှုသည် အရှေ့အလယ်ပိုင်း စစ်ရေးသမိုင်းတွင် အကြီးမားဆုံးသော ပစ်ခတ်ချေမှုန်းမှုတစ်ခုဖြစ်ပြီး ခါ့ဂ်ကျွန်းပေါ်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တိုင်းကို အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ကြောင်း လူမှုမီဒီယာမှတဆင့် အတည်ပြုပြောကြားခဲ့သည်။
သို့သော်လည်း ကျွန်းပေါ်ရှိ ရေနံအခြေခံအဆောက်အအုံများကို လတ်တလောတွင် ထိခိုက်မှုမရှိစေဘဲ ချန်လှပ်ထားခဲ့သည်ဟု ဆိုသည်။
သမ္မတထရမ့်က အီရန် သို့မဟုတ် အခြားမည်သူမဆို ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ လွတ်လပ်စွာ ဖြတ်သန်းသွားလာမှုကို နှောက်ယှက်လာပါက ဆီသိုလှောင်ကန်များကို မတိုက်ခိုက်ဘဲ ချန်လှန်ထားခဲ့သော ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်မည်ဟု သတိပေးပြောဆိုခဲ့သည်။
ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ရေနံဈေးကွက် အဝင်ပြတ်တောက်မှု ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ကမ္ဘာ့ရေနံဈေးကွက်အတွင်း ဈေးနှုန်းများ အတက်အကျ မြန်ဆန်လျှက်ရှိပြီး ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေသည်။