သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဌာနေတိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ပိုမိုခိုင်မာစွာ ကာကွယ်ပေးရန် ECDO တောင်းဆို

AB News – ဩဂုတ် ၁၁၊ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဌာနေတိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ပိုမိုအသိအမှတ်ပြု ကာကွယ်ပေးနိုင်ရေးအတွက် တိုင်းရင်းသားအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (ECDO) က အချက် ၁၂ ချက်ပါဝင်သော တောင်းဆိုချက်ကို တင်ပြတောင်းဆိုလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများက ရေးသားဖော်ပြသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဆီးလ်ဟတ် (Sylhet) မြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ ECDO က ထိုသို့ အဆိုပြုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားလူနည်းစု ဖွံ့ဖြိုးရေးအဖွဲ့ (ECDO) သည် ဒေသခံ တိုင်းရင်းသားများနှင့် လက်ဖက်ရည်ခြံ အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ပွဲ အခမ်းအနားတစ်ခုကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ECDO ၏ တောင်းဆိုချက်များတွင် တိုင်းရင်းသားများ၏ ရိုးရာမြေယာအခွင့်အရေး၊ မိခင်ဘာသာစကားအခြေပြု ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများနှင့် ကလေးသူငယ် အခွင့်အရေးများအပါအဝင် ဒစ်ဂျစ်တယ်နည်းပညာ လက်လှမ်းမီရေး စသည့် အဓိကကဏ္ဍ ၁၂ ချက် ပါဝင်သည်။

ဆွေးနွေးပွဲတွင် ECDO အမှုဆောင်ဒါရိုက်တာ Lakshmikanta Singha က တိုင်းရင်းသားများ၏ ယဉ်ကျေးမှု၊ မြေယာနှင့် လူမှုဘဝ သာယာဝဖြိုးရေးကို ကာကွယ်ရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ယင်းအပြင် တိုင်းရင်းသားများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။

အဆိုပါအခမ်းအနားကို မဏိပူရီ (Manipuri) နှင့် လက်ဖက်စိုက်ခင်း တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲများဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစုဌာနေတိုင်းရင်းသားများ၏ နယ်မြေများနှင့် ဘာသာရေးအဆောက်အအုံများကို လူများစုတိုင်းရင်းသားများက မတရားအတင်းအဓမ္မ အင်အားသုံးသိမ်းယူခြင်းများ ရှိနေသည်ကို တွေ့ရသည်။

ယင်းကြောင့် မြေယာသိမ်းဆည်းခံရမှု၊ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေး၊ ကိုယ်ပိုင်အမှတ်သညာနှင့် ရိုးရာဘဝ/ယဉ်ကျေးမှု ထိန်းသိမ်းရေးတို့အတွက် တောင်းဆိုဆန္ဒထုတ်ဖော်ထားခြင်း ဖြစ်သည်။

Ref-The daily Star

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ