သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်ကို စစ်ကော်မရှင်တပ် လေကြောင်းမှ ထပ်မံဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

AB News – ဩဂုတ် ၁၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဩဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ကျောက်ကြီးကျေးရွာပေါ်၌ မိနစ် ၂၀ ခန့် ဝဲပျံပြီးနောက် ပေါင် ၃၀၀ ဟု ယူဆရသည့် ဖျက်အားပြင်း ဗုံးသီး ၃ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုံးသီးများမှာ ကျောက်ကြီးကျေးရွာရှိ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိသည်။ ထို့ပြင် အပြစ်မဲ့ အရပ်သား ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ပြည်သူ့နေအိမ် ၂၀ ခန့် လုံးဝနီးပါး ပျက်စီးသွားခဲ့သည်။

စစ်ကော်မရှင်တပ်သည် သံတွဲမြို့နယ်အတွင်းရှိ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

​ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော (၉) ရပ်ကွက်ရှိ လူနေရပ်ကွက်များကို တိုက်လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးအလုံးရေ ၆၀ နီးပါး ကြဲချခဲ့ဖူးသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်၊ ၂၃ ရက်၊ ၂၄ ရက်၊ ၂၇ ရက်နှင့် ၃၁ ရက်နေ့တို့တွင်လည်း သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့ရောညပါ ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကြဲခဲ့သဖြင့် အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း AA က ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုအန္တရာယ်များ ပိုမိုမြင့်မားနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြု ကြိုတင်ကာကွယ်ကြရန် အာရက္ခတပ်​​တော် AA က အသိပေးနှိုးဆော်ထားသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်ကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးသူများ၏ အသေးစိတ် စာရင်းကို ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ