
AB News – မေ ၁၃၊ ၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းအား မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား ၂၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ် တစ်နှစ်ပြည့်မြောက်သည့်တိုင်အောင် မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ်များသည် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယနေ့ ထုတ်ပြန်လိုက်သည်။
ယခုလအစောပိုင်းတွင်လည်း ချင်းပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ကလေးကစားကွင်းတစ်ခုအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၅ လမှ ၁၀ နှစ်ကြားရှိ ကလေးငယ် အနည်းဆုံး ၅ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။
IIMM အနေဖြင့် အဆိုပါဖြစ်စဉ်အပါအဝင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေအိမ်များကို ပစ်မှတ်ထားသည့် လတ်တလော လေကြောင်းတိုက်ခိုက်မှုများကို အထူးပြုစုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
IIMM ၏ အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံအနှံ့တွင် ကလေးငယ်များကို ထိခိုက်သေဆုံးစေသည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။
ယင်းထဲတွင် ရက္ခိုင်ပြည်ရှိ စာသင်ကျောင်းများ၊ စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်များခိုလှုံရာ ဘုန်းကြီးကျောင်းများနှင့် တနင်္သာရီတိုင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ပါဝင်နေသည်။
“ကလေးငယ်တွေ ရှိနေနိုင်တဲ့ နေရာတွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တွေကို ယန္တရားက အထူးပြု စုံစမ်းစစ်ဆးနေပါတယ်။ ဒီဖြစ်ရပ်တွေက စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ပါတယ်။ မြန်မာလေတပ်ရဲ့ ဖွဲ့စည်းပုံ၊ အမိန့်ပေးကွင်းဆက်အပါအဝင် ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်မယ့် အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းပြီး စိစစ်သုံးသပ်နေပါတယ်။ ဒါမှသာ ဒီပုဂ္ဂိုလ်တွေ တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်မှာပါ” ဟု ယန္တရား၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုထားသည်။
ထို့ပြင် မြန်မာလေတပ်၏ အမိန့်ပေးကွင်းဆက်နှင့် ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် အထောက်အထားများကို စုဆောင်းလျက်ရှိပြီး တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ ၂၀၂၅ ခုနှစ်အထိ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း IIMM က မှတ်တမ်းတင်ထားသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ကလေးငယ်များ၏ အသက်အိုးအိမ်ကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ နက်ရှိုင်းစွာ ထိခိုက်စေကြောင်းနှင့် ကလေးငယ်များအနေဖြင့် အကြောက်တရားကင်းစွာ ပညာသင်ယူခွင့်နှင့် ရှင်သန်ခွင့် ရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြထားသည်။
ဓာတ်ပုံ – Social Media(ပုံဟောင်း)