သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသရှိ ရေသန့်စက်ရုံ ၄၆ ရုံတွင် ၈ ရုံသာ စံမီပြီး ၃၈ ရုံ စံမမီဖြစ်နေကြောင်း FDA ထုတ်ပြန်


AB News – မေ ၃၁၊ ၂၀၂၆
အာရက္ခဒေသအတွင်း ဈေးကွက်၌ ဖြန့်ဖြူးရောင်းချနေသည့် သောက်သုံးရေသန့်စက်ရုံ ၄၆ ရုံကို ကွင်းဆင်းစစ်ဆေးခဲ့ရာ စံချိန်စံညွှန်းပြည့်မီသည့် စက်ရုံ ၈ ရုံသာရှိပြီး ကျန် ၃၈ ရုံမှာ စံမမီဖြစ်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) ထံမှ သိရသည်။

FDA ၏ မေလအတွင်း ကွင်းဆင်းစစ်ဆေးချက်အရ ရက္ခိုင်ပြည်ရှိ မြို့နယ် ၉ ခုမှ ရေသန့်စက်ရုံများအနက် ကျောက်တော်မြို့နယ်တွင် ၂ ရုံ၊ မြောက်ဦးမြို့နယ်တွင် ၂ ရုံ၊ မောင်တောမြို့နယ်တွင် ၁ ရုံ၊ ရသေ့တောင်မြို့နယ်တွင် ၁ ရုံနှင့် တောင်ကုတ်မြို့နယ်တွင် ၂ ရုံ၊ စုစုပေါင်း ၈ ရုံသာ သတ်မှတ်စံနှုန်း ပြည့်မီခဲ့ကြောင်း သိရသည်။

လက်ရှိ စံချိန်စံညွှန်းပြည့်မီသည့် ရေသန့်တံဆိပ်များမှာ ကျောက်တော်မြို့နယ်မှ F-5 နှင့် Water Star၊ မြောက်ဦးမြို့နယ်မှ Nie နှင့် King၊ မောင်တောမြို့နယ်မှ KNN၊ ရသေ့တောင်မြို့နယ်မှ Thant Myat နှင့် တောင်ကုတ်မြို့နယ်မှ ရွှေပြည်ရခိုင်၊ Zee Zan Taung တို့ ဖြစ်ကြသည်။

စံမမီသည့် ရေသန့်စက်ရုံ ၃၈ ရုံကို မြို့နယ်အလိုက် စိစစ်ရာတွင် ကျောက်တော်၌ ၁၀ ရုံ၊ မြောက်ဦး၌ ၈ ရုံ၊ မင်းပြား၌ ၄ ရုံ၊ မောင်တော၌ ၄ ရုံ၊ မြေပုံ၌ ၃ ရုံ၊ တောင်ကုတ်၌ ၃ ရုံ၊ ဘူးသီးတောင်၌ ၂ ရုံ၊ ရသေ့တောင်၌ ၁ ရုံနှင့် ရမ်းဗြဲ၌ ၁ ရုံတို့ ဖြစ်ကြောင်း FDA က သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ စံမမီသည့် စက်ရုံများပြားနေရခြင်းမှာ ယခင်စစ်ကောင်စီလက်ထက်က ကွင်းဆင်းစစ်ဆေးမှု အားနည်းခဲ့ခြင်း၊ ထောက်ခံချက်မရှိသည့် တရားမဝင် (Black) လုပ်ငန်းများ ဈေးကွက်အတွင်း များပြားလာခြင်းနှင့် လုပ်ငန်းရှင်များက အရည်အသွေးထက် အရေအတွက်ကိုသာ ဦးစားပေး ဈေးကွက်ချဲ့ထွင်ခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း FDA တာဝန်ရှိသူတစ်ဦးက ထောက်ပြသည်။

ထို့အပြင် လက်ရှိစံမမီသေးသည့် လုပ်ငန်းများကို ပြုပြင်ရန်အတွက် ပြင်ဆင်ချိန် ၆ လ ပေးထားပြီး ထိုကာလအတွင်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ စံမီလာပါက ထပ်မံ၍ ထုတ်ခွင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုကိစ္စအား သေချာစွာမကြပ်မတ်ပါက ဈေးကွက်အတွင်း စံမမီသည့် ရေသန့်များ ကြီးစိုးလာပြီး ရေရှည်တွင် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ FDA အနေဖြင့် သောက်သုံးရေသန့် ထုတ်လုပ်သူများ လိုက်နာရမည့် ရေအရင်းအမြစ် သိုလှောင်မှုစနစ်၊ စက်ရုံအဆောက်အအုံ (အဝီစိတွင်းနှင့် မိလ္လာကျင်း အကွာအဝေး အနည်းဆုံး ပေ ၅၀ ရှိရမည် အပါအဝင်)၊ စက်ပစ္စည်းနှင့် ရေစစ် (Filter) များ အချိန်မှန်လဲလှယ်ရေး၊ ဗူးဆေးကြောမှု အဆင့်ဆင့်နှင့် ဝန်ထမ်းများ၏ ၆ လတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု စသည့် အခြေခံစည်းကမ်းချက် ၅ ချက်ကို ထုတ်ပြန်ထားပြီး လုပ်ငန်းရှင်များအနေဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အထူးအလေးအနက် နှိုးဆော်ထားသည်။

ဓာတ်ပုံ – အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ