AB News – စက်တင်ဘာ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္ဇနပူရခရိုင်၊ အဉ္ဇနပူရမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်ကို စစ်ကော်မရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ၃ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကော်မရှင်တပ်သည် အဉ္ဇနပူရမြို့ကို စက်တင်ဘာ ၂၇ ရက် နံနက် (သန်းခေါင်ယံကျော်) ၁၂ နာရီ ၁၀ မိနစ်တွင် ၁ ကြိမ်၊ ၁၂ နာရီ ၂၁ မိနစ်တွင် ၁ ကြိမ်နှင့် ၁၂ နာရီ ၂၇ မိနစ်တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင် လေကြောင်းမှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသူမှာ အဉ္ဇနပူရမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်နေ အဖဦးဖြူအောင်၏ သားဖြစ်သူ အသက် (၅၀) အရွယ် ဦးခင်မောင်ဖြစ်သည်။
၎င်းမှာ ညာဘက်ခြေဖနောင့်၊ ဘယ်ဘက်ခြေဖနောင့်၊ ညာဘက်လက်၊ ဘယ်ဘက်လက်တို့အပြင် ခန္ဓာကိုယ်အနှံ့ လက်နက်ကြီးစများ ထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သဖြင့် လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဈေးဟောင်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ် နောက်လမ်းကြားရှိ ဦးမောင်ခိုင်နှင့် ဦးစောလှတို့၏ နေအိမ်ရှေ့သို့ ဗုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ ယင်းအပြင် ကြပ်စင်တံတားဘက်တွင်လည်း ဗုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကော်မရှင်၏ တိုက်လေယာဉ်သည် အဉ္စနပူရမြို့ပေါ်တွင် ဝဲပျံပြီးနောက် သစ်ပုတ်တောင်ကျေးရွာ အရှေ့ဘက် တောင်တန်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် မေလ ၇ ရက်နေ့ နေ့လည် ၂ နာရီခန့်အချိန်က သစ်ပုတ်တောင်နှင့် ကျောက်ခုတ်ကျေးရွာအနီးဝန်းကျင်ရှိ တောင်တန်းများကို ဂျက်ဖိုက်တာ ၃ စီး၊ Y-12 ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၃ ရက်နေ့မှ၍ ယနေ့ အချိန်အထိ ရက္ခိုင်ပြည်က မြို့နယ်အများစုကို ဂျက်တိုက်လေယာဉ်များနှင့် ဒရုန်းများအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်လာခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူများထိခိုက် သေဆုံးမှုများနှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိနေသည်။
ပုံစာ – အဥ္ဇနပူရမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် အမျိုးသားအားတွေ့ရစဥ် (ပုံ – ပေးပို့)
