သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၃ ဦးကို DLEPS ဖမ်းဆီး

AB News – ဇွန် ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲခရိုင်အတွင်း ကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား (Ice)များနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ အမျိုးသား ၃ ဦးကို DLEPS ဌာနက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသူများမှာ သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ကျေးရွာမှ ဦးအောင်အောင် (၃၈ နှစ်)၊ ဦးဘိုကြီး (ခ) မောင်မောင်မြင့် (၅၂ နှစ်)နှင့် ငပလီမြို့၊ မြပြင် (၆) ရပ်ကွက်မှ ကိုညီညီ (ခ) ကိုစစ်သွေးညီ (၂၆ နှစ်) တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က သံတွဲမြို့၊ ရေဂျိုးပြင်ရွာရှိ ဦးအောင်အောင်၏ နေအိမ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် DLEPS ဌာနက ဝင်ရောက်ရှာဖွေရာ ဦးအောင်အောင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ထို့နောက် ၎င်းအား ဆက်လက်ခြေရာခံ လိုက်လံရှာဖွေခဲ့ရာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ အစ်မဖြစ်သူ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဦးအောင်အောင်၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါးများအား ဦးဘိုကြီး (ခ) မောင်မောင်မြင့်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည့်အတွက် ‘ဒီလပ်’ က လိုက်လံရှာဖွေခဲ့ရာ ဦးဘိုကြီး ပိုင်ဆိုင်သည့် ဆံသဆိုင်ရှိ ပိတောက်ပင်ပေါ်တွင် ဝှက်ထားသည့် အလေးချိန် ၃၂၂.၃၃ ဂရမ် ရှိ ICE မူးယစ်ဆေးဝါး ၂၇ ထုပ် (ကာလပေါက်ဈေး ငွေကျပ် ၂၃၃ သိန်း၊ ၄ သောင်း တန်ဖိုးရှိ) ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့တွင် ငပလီမြို့၊ မြပြင် (၆) ရပ်ကွက်ရှိ ကိုညီညီ (ခ) စစ်သွေးညီ၏ နေအိမ်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသည့် သတင်းရရှိသောကြောင့် ”ဒီလပ်” မှ ဝင်ရောက်စစ်ဆေးခဲ့ရာ ICE မက်အက်ဖီတမင် မူးယစ်ဆေးဝါး ၁ ထုပ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချသူ ၃ ဦးကို ဒီလပ်ဌာနမှ ဖမ်းဆီးထားပြီး သံတွဲခရိုင်ရှိ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်)မှ မယပ ၂/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၁၉ (က) – မူးယစ်ဆေးဝါး ရောင်းချရန် လက်ဝယ်ထားရှိမှု၊ ပုဒ်မ ၂၀ (က) – မူးယစ်ဆေးဝါး သုံးစွဲမှု၊ ပုဒ်မ ၂၁ – ပြစ်မှုကျူးလွန်ရန် အားထုတ်မှု သို့မဟုတ် ငွေကြေးထောက်ပံ့မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ