သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် တံငါသည်တစ်ဦး ပျောက်ဆုံးမှုအပေါ် အစအနဖျောက်ထားသည်ဟုဆိုကာ ဒေသခံများက ကမ်းခြေစောင့်တပ်စခန်းကို စီးနင်းတိုက်ခိုက်

AB News – ဇွန် ၁၂၊ ၂၀၂၆

​ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၊ ဘဂါဟတ်ခရိုင်(Bagerhat)၊ မုံဂလာ (Mongla) မြို့နယ်ရှိ ယာယီကမ်းခြေစောင့်တပ်စခန်းတစ်ခုကို ဒေသခံရွာသား ရာပေါင်းများစွာက ယမန်နေ့ ဇွန်လ ၁၁ ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံဂလာမြို့နယ်အတွင်းရှိ ဆူန္ဒရဗန်(Sundarbans) တော့အုပ်နှင့် ထိစပ်နေသော ဂျွိုင်းမိုနီ(Joymonir Thota) ဧရိယာ၌ ကမ်းခြေစောင့်တပ်ဖွဲ့က အသက် ၃၀ အရွယ် ဒေသခံတံငါသည် မီရက်ဇ် ရှိတ် (Miraj Sheikh) ကို ဖမ်းဆီးသွားပြီးနောက် ၃ လနီးပါးကြာသည်အထိ အစအနဖျောက်ဖျက်ထားသည်ဟူသော စွပ်စွဲချက်ကြောင့် ဤကဲ့သို့ လူထုအုံကြွမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် တုတ်နှင့် တံမြက်စည်းများ ကိုင်ဆောင်ထားသည့် ဒေသခံအမျိုးသား၊ အမျိုးသမီးများသည် စက်လှေများနှင့် ကူးတို့လှေများဖြင့် ကမ်းခြေစောင့်တပ်စခန်းရှိရာ ဂျွိုင်းမိုနီ (Joymonir Thota) ဧရိယာသို့ ရောက်ရှိလာကြပြီး ယာယီစခန်းအဆောက်အအုံနှင့် စပိဘုတ် (Speedboat) တစ်စီးကို ဝိုင်းဝန်းရိုက်နှက်ဖျက်ဆီးခဲ့ကြသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦးနှင့် ဒေသခံရွာသား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အခြေအနေကို ထိန်းသိမ်းရန် ကမ်းခြေစောင့်တပ်ဖွဲ့က သေနတ်အချက်ပေါင်းများစွာ မိုးပေါ်ထောင်၍ ဖောက်ခဲ့ရကြောင်း သိရသည်။

ဒေသခံများက ၎င်းတို့ကို အုတ်ခဲများဖြင့် ပစ်ပေါက်သဖြင့် တပ်ဖွဲ့ဝင်များဘက်ကလည်း တုတ်များဖြင့် ပြန်လည်ခုခံခဲ့ရကြောင်း မုံဂလာရဲစခန်းမှူး Atikur Rahman က ပြောသည်။

​ပျောက်ဆုံးနေသူ၏ ဇနီးဖြစ်သူ Mukta Khatun ၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့တွင် အရပ်ဝတ်လဲထားသည့် အမျိုးသားနှစ်ဦးသည် ၎င်း၏ခင်ပွန်းကို လက်ဖက်ရည်ဆိုင်မှ ဖမ်းဆီးကာ ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် စပိဘုတ်ဖြင့် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ဧပြီ ၂၃ ရက်က မုံဂလာ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး မေလ ၈ ရက်တွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ စုံစမ်းပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုသို့တောင်းဆိုရာတွင် တာဝန်ရှိသူများထံမှ ခြိမ်းခြောက်မောင်းထုတ်မှုများနှင့်သာ ကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက မကျေမနပ်ဖြစ်ကာ ယခုကဲ့သို့ စခန်းကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။

​ကမ်းခြေစောင့်တပ်ဖွဲ့၏ ပြန်ကြားရေးအရာရှိ ဒုတပ်မှူး Sabbir Alam Sujon က အဆိုပါစခန်းသည် ဆူန္ဒရဗန်တောအုပ်အတွင်းရှိ တောပုန်းဓားပြများကို နှိမ်နင်းရန်နှင့် လုံခြုံရေးအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် ကမ်းခြေစောင့်တပ်ဖွဲ့ကို အဆိုပါဒေသမှ မောင်းထုတ်ရန်နှင့် စစ်ဆင်ရေးများကို ဟန့်တားရန်အတွက် “ကိုယ်ကျိုးရှာလိုသည့် အဖျက်သမားအုပ်စုများ” က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးကာ ကောလာဟာလများ လွှင့်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

သို့သော်လည်း လတ်တလော လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုမှတ်တမ်းအချို့တွင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက အရပ်သားနှစ်ဦးကို တုတ်များနှင့် စစ်ဖိနပ်များဖြင့် မြေပြင်ပေါ်တွင် ပေါ်ပေါ်တင်တင် ရိုက်နှက်ကန်ကျောက်နေသည့် ရုပ်သံဖိုင်များ ထွက်ပေါ်နေသဖြင့် ဝေဖန်မှုများ မြင့်တက်လျက်ရှသည်။

လက်ရှိတွင် အခြေအနေ ပြန်လည်တည်ငြိမ်သွားပြီဖြစ်ပြီး အမှုအခင်းဖြစ်ပွားရာဒေသသို့ ရဲတပ်ဖွဲ့နှင့် RAB (ရဲအထူးတပ်ဖွဲ့) ဝင်များကို အင်အားတိုးမြှင့်ချထားပြီး မြေပြင်အခြေအနေကို ပြန်လည်ထိန်းသိမ်းထားကြောင်း မုံဂလာမြို့နယ်အုပ်ချုပ်ရေးမှူး Sharmin Akter Sumi က ပြောကြားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ