
AB News – ဇွန် ၁၂၊ ၂၀၂၆
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ကို တည်ထောင်သူ၊ မြန်မာ့နိုင်ငံရေး သုတေသနပညာရှင် အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို တရုတ်အာဏာပိုင်များက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှုဖြင့် ယူနန်ပြည်နယ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
မြန်မာ့နိုင်ငံရေးကို အထူးပြုလေ့လာနေသည့် အမေရိကန်နိုင်ငံသား ပညာရှင်တစ်ဦးကို တရုတ်လုံခြုံရေးအရာရှိများက ဖမ်းဆီးလိုက်ပြီး နိုင်ငံတော်လုံခြုံရေး ချိုးဖောက်မှုဖြင့် စွပ်စွဲထားကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများကို ကိုးကား၍ နယူးယောက်တိုင်း (The New York Times) သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ဖမ်းဆီးခံရသူ ဦးမင်းဇင်မှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ၎င်းသည် တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ ရောက်ရှိနေစဉ် ဇွန်လ ၃ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ယခုကိစ္စနှင့် ပတ်သက်၍ ထိလွယ်ရှလွယ်ရှိလှသည့် သံမတန်ရေးရာ အခြေအနေများကြောင့် အမည်မဖော်လိုသူများက နယူးယောက်တိုင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန်သံတမန်များ သိရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံက အမေရိကန်နိုင်ငံသားတစ်ဦးကို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြစ်မှုဖြင့် ဖမ်းဆီးခြင်းမျိုးမှာ ဖြစ်ခဲလှပြီး ယခု ဦးမင်းဇင်ကို ဖမ်းဆီးလိုက်သော လုပ်ရပ်သည် သမ္မတ ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့၏ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်တစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းနေချိန်နှင့် တိုက်ဆိုင်နေသည်။
နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဦးမင်းဇင်သည် ရန်ကုန်မြို့တွင် အခြေစိုက်ခဲ့သည့် မြန်မာ့ရေးရာ မူဝါဒသုတေသနအဖွဲ့ ISP Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။
ISP မြန်မာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နေရာအမျိုးမျိုးမှနေ၍ လုပ်ငန်းများ ပြောင်းရွှေ့လည်ပတ်နေခြင်း ဖြစ်သည်။ ဦးမင်းဇင်သည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့တွင် နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌ နေထိုင်လျက်ရှိသည်။
၎င်းသည် New York Times၊ Foreign Policy အပါအဝင် နိုင်ငံတကာသတင်းဌာနများ၏ သဘောထားအမြင်ကဏ္ဍများတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားခဲ့သူလည်း ဖြစ်သည်။
“တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေကို ကျွန်တော်တို့ သတိပြုမိပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆက်လက်ပြီး “အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရတဲ့အခါတိုင်း လိုအပ်တဲ့ ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ကျနော်တို့ လုပ်ဆောင်လေ့ရှိပါတယ်” ဟု ဆိုသော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက် ထိန်းသိမ်းရေးဥပဒေအရ အသေးစိတ်အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆန်ခဲ့သည်။
ယခုဖမ်းဆီးမှုသည် သမ္မတထရမ့် ပေကျင်းမြို့သို့ သွားရောက်ကာ သမ္မတရှီကျင့်ဖျင် တည်ခင်းသည့် နိုင်ငံတော်အဆင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ပြီးနောက် သုံးပတ်ပင်မပြည့်မီ အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သမ္မတထရမ့်သည် တွေ့ဆုံပွဲများအတွင်းနှင့် တွေ့ဆုံမှုအပြီး အင်တာဗျူးများတွင် သမ္မတရှီကို ချီးကျူးစကားဆိုခဲ့ပြီး ပြိုင်ဆိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားသည့် အမေရိကန်-တရုတ် “G2” မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အမျိုးသားလုံခြုံရေးပုဒ်မကို အသုံးပြု၍ အမေရိကန်နိုင်ငံသားတစ်ဦးကို ထပ်မံဖမ်းဆီးလိုက်ခြင်းက နှစ်နိုင်ငံ ပြန်လည်သင့်မြတ်ရေး ခြေလှမ်းများကို အကျပ်ရိုက်စေသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။
တရုတ်အရာရှိများက နှစ်နိုင်ငံအစိုးရအကြား တည်ဆောက်မှုဆန်သည့် မဟာဗျူဟာမြောက် တည်ငြိမ်မှု ဖော်ဆောင်ရန် အလေးအနက် ကြိုးပမ်းနေပါသည်ဟု ပြောဆိုနေသော်လည်း ယခုဖမ်းဆီးမှုက ထိုကြိုးပမ်းချက်များကို ပျက်ပြားစေကြောင်း အမေရိကန် အရာရှိတစ်ဦးက ထောက်ပြသည်။
တရုတ်နိုင်ငံတွင် အမေရိကန်နိုင်ငံသား ၂၀၀ ခန့်သည် နည်းလမ်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရကြောင်း ဒွီဟွာဖောင်ဒေးရှင်း (Dui Hua Foundation) ကို တည်ထောင်သူ ဂျွန်ကမ်း (John Kamm) က ပြောသည်။
အချို့သော အမေရိကန်နိုင်ငံသားများသည် မူးယစ်ဆေးဝါးမှုများဖြင့် ထောင်ဒဏ်ကျခံနေရပြီး အချို့မှာမူ စီးပွားရေး သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုများကြောင့် ပြည်ပထွက်ခွာခွင့် တားမြစ်မိန့် (Exit Bans) များ ထုတ်ပြန်ခံထားရခြင်း ဖြစ်သည်။
သို့သော် လက်ရှိတွင် နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုဖြင့် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားတစ်ဦးမျှ ရှိနေသည်ကို မိမိအနေဖြင့် မသိရှိကြောင်း ဂျွန်ကမ်းက ဆိုသည်။
၂၀၁၆ ခုနှစ်တွင် သူလျှိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုင်လီ (Kai Li) အပါအဝင် အမေရိကန်နိုင်ငံသား သုံးဦးကို ၂၀၂၄ ခုနှစ်အတွင်းက ဘိုင်ဒင်အစိုးရ၏ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်ဖြင့် တရုတ်အစိုးရက ပြန်လည်လွှတ်ပေးခဲ့ဖူးသည်။
အလားတူ သူလျှိုမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် အခြားအမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ဆန်ဒီဖန်ဂီးလစ် (Sandy Phan-Gillis) မှာလည်း ၂ နှစ်ကျော်ကြာ ဖမ်းဆီးခံရပြီးနောက် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ ပြည်နှင်ခံခဲ့ရသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ လုံခြုံရေးအရာရှိများက ဦးမင်းဇင်ကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခဲ့သည်ကို ရှင်းရှင်းလင်းလင်း ပြေားကြားခြင်း မရှိသေးပေ။
ယူနန်ပြည်နယ်တွင် ယခင်က မြန်မာနိုင်ငံသား အများအပြား အခြေချ နေထိုင်ခဲ့ကြသော်လည်း ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးကတည်းက အရေအတွက် လျော့နည်းသွားခဲ့သည်။
တရုတ်အစိုးရသည် နယ်စပ်နှစ်ဖက်စလုံးတွင် လှုပ်ရှားနေသည့် မြန်မာ့လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို ရံဖန်ရံခါ အကူအညီများ ပေးအပ်လေ့ရှိသည်။
သို့သော် ဦးမင်းဇင်အနေဖြင့် ထိုသူများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ သို့မဟုတ် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှု ရှိ/မရှိကိုမူ အတည်မပြုနိုင်သေးပေ။
တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရသည် မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်တပ်နှင့် ဆက်နွှယ်သောအစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေသည်ကို တွေ့ရှိရသည်။
ဦးမင်းဇင်သည် မြန်မာနိုင်ငံအပေါ် တရုတ်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဆောင်းပါးများစွာကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သူဖြစ်သည်။
နီပေါသုတေသနအဖွဲ့တစ်ခု၏ မေလအတွင်း ထုတ်ပြန်ချက်အရ ဦးမင်းဇင်သည် ယခုလနှောင်းပိုင်း နီပေါနိုင်ငံတွင် ကျင်းပမည့် မူဝါဒနှင့် ပထဝီနိုင်ငံရေးဖိုရမ်တွင် ဟောပြောသူတစ်ဦးအဖြစ် တက်ရောက်ရန် လျာထားခြင်းခံရကြောင်း သိရသည်။
၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ၎င်း၏ သုတေသနအဖွဲ့ဖြစ်သော မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) သည် မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီ ခေါင်းဆောင်မှုကို မြှင့်တင်ရန်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်မှုကို အားကောင်းစေရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ၎င်းသည် ကာလီဖိုးနီးယားတက္ကသိုလ်(University of California at Berkeley) တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ တက်ရောက်နေသူ ဖြစ်ပြီး၊ ၎င်း၏ သုတေသနဦးတည်ချက်သည် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လူမျိုးစု ပဋိပက္ခများဖြစ်သည်။
၎င်း၏ New York Times သတင်းစာတွင် ရေးသားခဲ့သည့် သဘောထားအမြင် ဆောင်းပါးအချို့သည်လည်း အဆိုပါ အကြောင်းအရာများကိုသာ အဓိကထား ရေးသားခဲ့ခြင်းဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း အမေရိကန် အရာရှိများသည် တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားများ လွတ်မြောက်ရေးအတွက်သာမက ထင်ရှားသည့် အခြားနိုင်ငံသား အကျဉ်းသားအချို့ လွတ်မြောက်ရေးအတွက်ပါ ဖိအားပေး တောင်းဆိုခဲ့ကြသည်။
၎င်းတို့အထဲတွင် ဟောင်ကောင်အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံထားရသည့် ဗြိတိန်နိုင်ငံသား၊ သတင်းစာတည်ထောင်သူ ဂျင်မီလိုင် (Jimmy Lai)၊ တရုတ်ခရစ်ယာန်သင်းအုပ်ဆရာ ဂျင်မင်ရီ (Jin Mingri) နှင့် သူလျှိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ၊ ဟားဗတ်တက္ကသိုလ် သုတေသနအဖွဲ့ဝင်ဟောင်း၊ တရုတ်သတင်းထောက် ဒေါင်ယုယု (Dong Yuyu) တို့ ပါဝင်သည်။
သမ္မတထရမ့်က စက်တင်ဘာ ၂၄ ရက်ဝန်းကျင်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီသို့ ဖိတ်ကြားကာ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ပြောဆိုခဲသည်ကို တွေ့ရှိရသည်။
သို့သော် ဂျွန်ကမ်းကမူ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကြောင့် တရုတ်နိုင်ငံဘက်မှ အကျဉ်းသားများ လွှတ်ပေးမည့် မျှော်လင့်ချက်မရှိကြောင်း ဆိုထားသည်။
“အခုအချိန်မှာ အမေရိကန်အစိုးရက တရုတ်နဲ့ ဆက်ဆံတဲ့အခါ လူ့အခွင့်အရေးကိစ္စကို ဦးစားပေးအဆင့်မှာ မထားတော့ဘူး။ ကျွန်တော် မှားပါစေလို့ပဲ မျှော်လင့်ပါတယ်၊ ဒါပေမဲ့ ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်မယ့် သက်သေအထောက်အထားမျိုး ဘာမှမတွေ့ရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။