AB News – ဩဂုတ် ၁၄၊ ၂၀၂၆
မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းကျော်ရှိနေသော်လည်း စစ်ကော်မရှင်၏ သဘာဝဘေးကြိုတင်ကာကွယ်နိုင်စွမ်းနှင့် တုံ့ပြန်နိုင်စွမ်းမှာ ဘက်ပေါင်းစုံမှ ချို့တဲ့နေဆဲဖြစ်ကြောင်း ISP Myanmar ( မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု) က ယမန်နေ့ ဩဂုတ်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ISP Myanmar ၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၀ ရက်မှ ဩဂုတ်လ ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးမှုများကြောင့် ဧရာဝတီတိုင်း၊ ရက္ခိုင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့မှာ ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်းရှိနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဇူလိုင်လအစပိုင်းက ပဲခူး၊ ကရင်နှင့် မွန်ပြည်နယ်တို့မှာ ရေကြီးမှု စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းတွင် ဧရာဝတီတိုင်းမှ လေးမျက်နှာအပါအဝင် မြို့နယ် (၁၄) ခုမှာ ရေဘေးဒဏ်ကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသည်။
အလားတူ ဩဂုတ်လ ၇ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၂ ခုနှင့်မနည်းမှာလည်း ရေဘေးဒဏ်ခံနေကြရပြီး ကချင်ပြည်၊ ရှမ်းပြည်နှင့် နေပြည်တော်က ဒေသတချို့တွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့သည်။
စစ်ကော်မရှင်မှ လေးမျက်နှာရေဘေးကြောင့် လူဦးရေ ၄၉,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသော်လည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရက္ခိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ် ( LDFs/PDFs)၏ ထိန်းချုပ်နယ်မြေ အများစုရှိသည့် စစ်ကိုင်းတိုင်းမှ ရေဘေးသင့်အခြေအနေများကို ထုတ်ပြန်ခြင်းနည်းပါးကြောင်း ISP Myanmar က ဆိုထားသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ ကူညီကယ်ဆယ်ရေးများကိုလုပ်ဆောင်နေကြရပြီး စစ်ကော်မရှင်၏ ကူညီကယ်ဆယ်ရေး အစီအမံများမှာ ချက်ချင်းတုံ့ပြန်နိုင်စွမ်း အားနည်းသကဲ့သို့ နေရာအနှံ့လွှမ်းခြုံနိုင်စွမ်းလည်း မရှိသေးကြောင်း ထောက်ပြထားသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်ကလည်း လူဦးရေ ၅ ဒသမ ၆ သန်းကျော် ရေဘေးသင့်ခဲ့ပြီး လူမှုအရင်းအနှီးနည်းပါးမှု၊ ဥတု ဖောက်ပြန်မှုအပေါ်လေးနက်မှုမရှိခြင်းတို့ကြောင့် အကျပ်အတည်းအတွင်းမှ ချန်ပီယံများ (ခေါင်းဆောင်ကောင်းများ သို့မဟုတ် စံပြအဖွဲ့စည်းများ) ထွက်ပေါ်လာရန် လိုအပ်နေကြောင်းလည်း ISP Myanmar က ဆက်လက် ထောက်ပြထားသည်။
