သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဩဂုတ် ၁၃ ဆန်ပြဿနာနေ့နှင့် ပဏ္ဍိတ်ဦးသျှောင် ဆရာကြီး ဦးဦးသာထွန်းနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

AB News – သြဂုတ် ၁၄၊၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ပိုင်း မောင်တောခရိုင်အတွင်း  ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့က  ကျရောက်ခဲ့သော  (၅၉) နှစ်မြောက် ဆန်ပြဿနာနေ့နှင့် (၃၆) နှစ်မြောက်ပဏ္ဍိတ်ဦးသျှောင် ဆရာကြီး ဦးဦးသာထွန်းနေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို  အကျဥ်းချုပ် ကျင်းပခဲ့ကြောင်း သိရသည်။

ဆန်ပြဿနာနေ့သည် ရက္ခိုင်ပြည်၏ ခေတ်သစ်သမိုင်းတွင် ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲ၊ အုပ်ချုပ်ရေးအပါအဝင် လူမှုဘဝဆိုင်ရာ ပြဿနာများနှင့် ဆက်စပ်နေသည့် သမိုင်းဝင်နေ့တစ်နေ့အဖြစ် သတ်မှတ်ခံယူထားကြသည်။

ဆန်ရရှိရေးအတွက် ဆန္ဒပြခဲ့ကြသည့်စစ်တွေဒေသခံ (၃၀၀) ကျော် သတ်ဖြတ်ခံခဲ့ရသည်နေ့ကို အမှတ်ရသောအားဖြင့် ဝမ်းနည်းအောက်မေ့ဖွယ်ခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ၁၉၆၇ ခုနှစ်က ဆန်ရရှိရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြသည့် အာရက္ခပြည်သူများအပေါ် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် ဆန်ပြဿနာဖြစ်စဉ် နှင့် ယင်းဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူများကို ပြန်လည်အောက်မေ့ဂုဏ်ပြုခဲ့ကြသည်။

၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်တွင် စစ်တွေမြို့၌ ဆန်ရရှိရေးနှင့် စားနပ်ရိက္ခာအခက်အခဲများ ဖြေရှင်းပေးရန် လူထုဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုများကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်။

ယင်းအပြင်  မဆလအစိုးရ ဗိုလ်ချုပ် နေဝင်းလက်ထက်တွင် ရက္ခိုင်ပြည်မှထွက်သည့်ဆန်များကို ရက္ခိုင်ပြည်တွင်ပြန်လည်ရောင်းချခွင့်မပြုဘဲ နိုင်ငံခြားသို့ တင်ပို့ရာကနေ ဆန်ရှားပါးမှု ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့်စစ်တွေမြို့ရှိ ပြည်သူများသည် ဩဂုတ် (၁၃) ရက်တွင် ”ဆန်ကွဲမစား၊ ရက္ခိုင်သား”၊ “ပြုတ်ဆန်မစား၊ ရက္ခိုင်သား”၊ “မုန့်တီမစား၊ ရက္ခိုင်သား”၊ “ဆန်ပြဿနာဖြေရှင်းပေးပါ”၊”ရက္ခိုင်အရေးတော်ပုံ အောင်ရမည်” စသည့် ကြွေးကြော်သံများနှင့်အတူ လူပေါင်းသောင်းနှင့်ချီ ဆန်ရရှိရေး ကြွေးကြော်ချီတက် ဆန္ဒပြခဲ့ကြရာစစ်ကော်မရှင်တပ်က ပစ်သတ်၍ လူပေါင်း (၃၀၀) သေဆုံး သွေးချောင်းစီးခဲ့ရသည်။ 

အခမ်းအနားတွင် ဆန်ပြဿနာဖြစ်စဉ်နှင့် ပတ်သက်သည့် သမိုင်းကြောင်းများကို ပြန်လည်ပြောပြခြင်း၊ ကျဆုံးခဲ့သူများကို အောက်မေ့ဂုဏ်ပြုခြင်းနှင့် အောက်မေ့ဖွယ်အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

တစ်ဖက်တွင်လည်း ရက္ခိုင်စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုနယ်ပယ်၌ အရေးပါသည့် ပဏ္ဍိတ်ဦးသျှောင် ဆရာကြီး ဦးဦးသာထွန်း ကို အောက်မေ့ဂုဏ်ပြုသည့် အစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဦးဦးသာထွန်းနှင့် ဆန်ပြဿနာဖြစ်စဉ်တို့ကို တစ်နေ့တည်းတွင် အောက်မေ့ဖွယ်များနှင့် အာရက္ခပြည်သူများအနေဖြင့် မိမိတို့၏ သမိုင်း၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များထံ ဆက်လက်လက်ဆင့်ကမ်းနိုင်ရန် အရေးပါကြောင်း အခမ်းအနားတွင် ထည့်သွင်းအလေးထားခဲ့ကြသည်။

ယင်းအပြင် အဆိုပါအခမ်းအနားပွဲသည် အတိတ်က ဖြစ်ရပ်များကို ပြန်လည်သတိရရုံသာမက အာရက္ခပြည်၏ သမိုင်းမှတ်ဉာဏ်နှင့် စာပေယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်များ ဆက်လက်သိရှိထိန်းသိမ်းနိုင်ရန် ရည်ရွယ်သည့် အောက်မေ့ဖွယ်အစီအစဉ်တစ်ရပ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ