AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အဉ္စနပူရခရိုင်၊ ဝီရဌာနီမြို့နယ်၊ တောင်းဖူးကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် ဒေသခံ ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝီရဌာနီမြို့နယ်၊ တောင်းဖူးကျေးရွာသို့ စစ်ကော်မရှင်၏ ဂျက်ဖိုက်တာသည် ယနေ့ စက်တင်ဘာ ၂၁ ရက် သန်းခေါင်ယံအချိန် ၀၀ နာရီ ၃၀ မိနစ်တွင် ပထမအကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်း ၅ နာရီ ၄၅ မိနစ်တွင် ဒုတိယအကြိမ် ထပ်မံ လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်းဖူးကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် တောင်းဖူးဘုရားကြီးတို့၌ ဗုံးကျရောက် ပေါက်ကွဲခဲ့သည်။
ယင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် (၃၄) နှစ်အရွယ် မဝင်းမြတ်အေး သည် ဦးခေါင်းတွင် ပြင်းထန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အသက် (၄၂) နှစ်အရွယ် ဒေါ်အေးခင်သိန်း မှာ ညာဘက်ပခုံးတွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် စစ်တွေ-ဝီရဌာနီ မြို့အစပ်နေရာများကို လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းတို့မှ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ပင်လယ်ပြင် စစ်ရေးလှုပ်ရှားမှုများကိုလည်း အဟုန်တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်သည် “၄၉၂၆ စစ်ဆင်ရေး” အမည်ဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှ ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ထိုးစစ်ဆင်ခဲ့သော်လည်း တပ်လန်၍ အရေးနိမ့်ကာ နောက်ဆုတ်သွားခဲ့ရသဖြင့် ရက္ခိုင်ပြည်အတွင်းရှိ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းမှ ပိုမို တိုက်ခိုက်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
Photo – Arakan Bay News
