သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ် ၃ လုံးပျက်စီး

AB News-ဩဂုတ် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် အောက်ဇီးကိုင်းကျေးရွာကို ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနု၏ နဖူးတွင် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် သုံးလုံးလည်း ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယမန်နေ့ ဩဂုတ် ၁၆ ရက်ကလည်း သံတွဲမြို့အနီးတစ်ဝိုက်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သားအဖနှစ်ဦး သေဆုံးပြီး အရပ်သားခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများ ရှိနေသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ