AB News – အောက်တိုဘာ ၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ကို စစ်ကော်မရှင်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး၊ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်သည် ယမန်နေ့ အောက်တိုဘာ ၃ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် Y-12 လေယာဉ်တစ်စီးဖြင့် ရသေ့တောင်ရှိမြို့ပေါ်ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးကျေးရွာနှင့် ပြင်ခေါင်းကျေးရွာ တို့ကို ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချခဲ့ကြောင်းသိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ မမိုးမိုးနွယ်နှင့် ပြားချောင်းကြီးကျေးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်များနှင့် လယ်ယာမြေအချို့လည်း ပျက်စီးခဲ့သည်။
အလားတူ ယမန်နေ့ ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင်လည်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာကို စစ်ကော်မရှင်မှ Y-12 လေယာဉ်တစ်စီးဖြင့် ဗုံးအလုံးရေ ၄ လုံးခန့်ထပ်မံကြဲချခဲ့သောကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် နွား ၂ ကောင်နှင့် နေအိမ် ၁ လုံးပျက်စီးဆုံးရှုံးခဲ့သည်။
စစ်ကော်မရှင်သည် ရက္ခိုင်ပြည်တဝန်းရှိ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို နေ့စဉ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကိုဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း AA က ဆိုသည်။
