
AB News – ဧပြီ ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ အကျဉ်းစခန်းတစ်ခုတွင် ထိန်းသိမ်းထားသော အကျဉ်းသား ၆၇ ဦးကို အာရက္ခတပ်တော် (AA) က မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကတိခံဝန်ချက်ဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) က ပြန်လည်လွတ်မြောက်လာသူများထဲတွင် စစ်ကောင်စီနှင့် ဆက်စပ်သူ ၃၅ ဦး၊ လက်နက်ခဲယမ်းမှောင်ခိုပို့ဆောင်သူ ၄ ဦးနှင့် ARSA အဖွဲ့နှင့် ဆက်စပ်သူ ၃ ဦးတို့ အပါအဝင် စုစုပေါင်း ၆၇ ဦး ပါဝင်သည်။
အာရက္ခတပ်တော် (AA) အနေဖြင့် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများနှင့်အညီ ကောင်းမွန်စွာစောင့်ရှောက်ထားပြီး လူသားချင်းစာနာမှုအရ ယခုကဲ့သို့ အသုတ်လိုက် ပြန်လည်လွှတ်ပေးနေခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီဘက်ကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများ ရှိနေနိုင်သည့် အကျဉ်းစခန်းများကိုပင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်အထိ အာရက္ခဒေသအတွင်း ဖမ်းဆီးရမိသူ ၁,၉၀၀ ကျော်ကို AA က ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။
ထို့အပြင် (၁၇) နှစ်မြောက် တပ်တော်နေ့ဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့က ပလက်ဝတွင် ၂၁ ဦးနှင့် မတ်လ ၄ ရက်နေ့တွင် ၃၀ ဦးတို့ကိုလည်း အသီးသီး လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
လက်ရှိတွင် အာရက္ခပြည်နအတွင်းရှိ မြို့နယ်အချို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိန်းသိမ်းခံထားရသူများနှင့် အရပ်သားများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေသည်။