AB News – မတ်၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားခရိုင်၊ မင်းပြားမြို့နယ်၊ သဲတန်းရွာ၌ ဖွင့်လှစ်ထားသော Music Love KTV တွင် မူးယစ်ဆေးဝါး လက်ဝယ်ထားလျက် သုံးစွဲရောင်းချ နေသူတစ်ဦးကို မူးယစ်ဆေးဝါးများအပါအဝင် ဆက်စပ်ပစ္စည်းများနှင့်အတူ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ DLEPS ဌာနမှ လက်ပူးလက်ကြပ် ဖမ်းဆီးရမိကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မတ်လ ၁၅ ရက်နေ့၊ ညည့် ၁၁ နာရီ မိနစ် ၄၀ ခန့်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ မင်းပြားမြို့နယ်၊ သဲတန်းရွာရှိ Music Love KTV ၏ အခန်းနံပါတ် ၈၀၉ တွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထား၍ သုံးစွဲ၊ ရောင်းချနေကြောင်း သတင်းရရှိသဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရီးဌာန (DLEPS)မှ တပ်ဖွဲ့ဝင်များသည် Music Love KTV၏ အခန်းနံပါတ် ၈၀၉ သို့ ဝင်ရောက်ရှာဖွေရာမှ တွေ့ရှိပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ်၊ သရက်တောရွာမှ မျိုးလှိုင်ဝင်း ၂၈နှစ် ဆိုသူအား (WY/R) စာတန်းပါ မူးယစ်ဆေးပြား ၅၅၇ ပြား၊ မူးယစ်ဆေးဝါးရောင်းချရာမှ ရရှိသည်ဟု ယူဆရသော ငွေ ကိုးသိန်းခြောက်သောင်း (၉၆၀၀၀၀)ကျပ်အပြင် ViVo အမျိုးအစား အမည်းရောင် လက်ကိုင်ဖုန်း ၁ လုံး၊ Oppo အမျိုးအစား အမည်းရောင်လက်ကိုင်ဖုန်း ၁ လုံး၊ အရိုးအသွား ၁၀ လက်မခန့်ရှိအသွားနှစ်ဖက်ပါ ဓားဦးချွန် ၁ လက်၊ GRAND ROYAL တံဆိပ်ပါ သောက်လက်စ အရက် ၁ ပုလင်း၊ Mongolia တံဆိပ်ပါသောက်လက်စ အရက် ၁ ပုလင်းတို့ကို တွေ့ရှိခဲ့ပြီး မျိုးလှိုင်ဝင်း အသုံးပြုသည့် Wave Honda အပြာ-အမည်းစပ်ရောင် ဆိုင်ကယ် ၁ စီး၊ HILUX SURF အမည်းရောင် အိမ်စီးကား ၁ စီးတို့ကိုပါ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ မူးယစ်ဆေးဝါးများအပါအဝင် မူးယစ်ဆက်စပ်ပစ္စည်းများနှင့်အတူ လက်ပူးလက်ကြပ် ဖမ်းမိသော မျိုးလှိုင်ဝင်းကို မယ (ပ)၁/၂၀၂၆၊မူးယစ်ဆေးဝါးနန့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
တချိန်တည်းတွင် DLEPS အနေဖြင့် ဤအမှု၏ ကွင်းဆက်တရားခံများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကာ ဥပဒေအကြံပြုချက်များနှင့်အညီ ဆက်လက်၍ တရားစွဲတင်လားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့




