AB News – ဇူလိုင် ၁၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်အပြီး လေးမြို့မြစ်ရေတိုက်စားမှုကြောင့် နေအိမ်နှင့် ဆိုင်ခန်းများ ဆုံးရှုံးခဲ့ရသည့် ရေဘေးသင့်မိသားစုများအတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များက စုပေါင်း၍ ငွေကျပ်သိန်း ၁၀၀ ကူညီပံ့ပိုးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေတိုက်စားမှုကြောင့် မင်းပြားမြို့ထက်တွင် ပြည်သူပိုင် နေအိမ် ၂၀ ခန့် မျောပါဆုံးရှုံးခဲ့ရပြီး ယင်းသို့ အိမ်ခြေမဲ့ဖြစ်သွားခဲ့ရသည့် မိသားစု (၂၀) အတွက် အရေးပေါ်အကူအညီအဖြစ် ရက္ခိုင်တေးသံရှင် ဇေယျာမှတစ်ဆင့် ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များက စုပေါင်းကာ ငွေကျပ်သိန်း ၁၀၀ ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် မင်းပြားမြို့၌ ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် ရေဘေးသင့်ပြည်သူများနှင့် ရေဘေးရှောင်များမှာ မိမိတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကြောင်းလည်း သိရှိရသည်။
နေရပ်ပြန်သွားကြပြီဖြစ်သော်လည်း မြစ်ရေတိုက်စားမှုကြောင့် နေအိမ်နှင့် ဆိုင်ခန်းများ လုံးဝပျက်စီးဆုံးရှုံးသွားခဲ့ရသည့် အဆိုပါမိသားစုများမှာ လတ်တလောတွင် ယာယီခိုလှုံရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး၊ နေအိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် အကူအညီများ ဆက်လက်လိုအပ်နေသေးကြောင်း ရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
Photo – ပေးပို့ / AB News



