AB News – ဇူလိုင် ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေလွှမ်းမိုးခံခဲ့ရသော ကျေးရွာများရှိ သောက်သုံးရေကန်များကို ပြန်လည်အသုံးပြုနိုင်ရေးအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ရေစုပ်ထုတ်ခြင်း၊ ကန်အတွင်းရှိ အနည်အနှစ်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်းခြင်းအပါအဝင် ပြန်လည် သန့်စင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေလွှမ်းမိုးမှုကြောင့် သောက်သုံးရေကန်အများအပြား ညစ်ညမ်းသွားပြီး ပြည်သူများ သောက်သုံးရေအတွက် အခက်အခဲများ ကြုံတွေ့ခဲ့ရသဖြင့် ULA/AA ၏ သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းအဖွဲ့များက ရေများကို စုပ်ထုတ်ခြင်း၊ ကန်အတွင်းရှိ အမှိုက်သရိုက်များ၊ သစ်ကိုင်းများ၊ နုန်းအနည်များနှင့် အခြားအညစ်အကြေးများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သောက်သုံးရေကန်များ ပြန်လည်သန့်စင်ရေးလုပ်ငန်းမှာ လက်ရှိအချိန်တွင် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိသည့်နေရာများကိုလည်း အမြန်ဆုံး အပြီးသတ်ဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများသည် ရေဘေးအပြီး ဖြစ်ပေါ်လာနိုင်သည့် ရေမှတစ်ဆင့် ကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်၊ ပြည်သူများ သန့်ရှင်းပြီး ဘေးကင်းလုံခြုံသည့် သောက်သုံးရေကို အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်စေရန်နှင့် ဒေသတွင်း ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းပြားမြို့နယ်အပါအဝင် ရက္ခိုင်ပြည်ရှိ မြို့နယ်အများအပြားသည် ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့ခဲ့ရပြီး လူနေအိမ်များ၊ လယ်ယာမြေများ၊ လမ်းတံတားများနှင့် သောက်သုံးရေကန်များ ထိခိုက်ပျက်စီးခဲ့သည်။
ရေဘေးဖြစ်ပွားပြီးနောက် ULA/AA သည် ထိခိုက်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လမ်းနှင့်တံတားများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအပြင် သောက်သုံးရေကန်များ ပြန်လည်သန့်စင်ရေးကိုလည်း တစ်ပြိုင်နက် ဆောင်ရွက်လျက်ရှိသည်။
မင်းပြားမြို့နယ်အပါအဝင် အခြားရေဘေးသင့် မြို့နယ်များရှိ ကျေးရွာများတွင်လည်း သောက်သုံးရေကန်များကို အဆင့်လိုက် ပြန်လည်သန့်စင်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – AB News







