သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင် ထန်းရှောက်ခံတိုက်ပွဲဖြစ်စဉ်အပေါ် HDCOမှ အစီရင်ခံစာ ထုတ်ပြန်

​AB News – ဇွန် ၁၆၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်မှ ၄ ရက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က အချက်အလက်နှင့် သက်သေအထောက်အထားအခြေပြု အကဲဖြတ်သုံးသပ်ချက် အစီရင်ခံစာကို ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

​ယခုထုတ်ပြန်ချက်သည် Human Rights Watch (HRW) ၏ အစီရင်ခံစာကိုသာ တုန့်ပြန်ထားခြင်းမဟုတ်ဘဲ ထန်းရှောက်ခံကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားမီ၊ တိုက်ပွဲကာလအတွင်းနှင့် တိုက်ပွဲပြီးနောက် ဖြစ်ပေါ်ခဲ့သည့် စစ်ရေးနှင့် အရပ်ဘက်အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

​အဆိုပါသုံးသပ်ချက်ကို ကျေးရွာနှင့် အိမ်ထောင်စုမှတ်တမ်းများ၊ လူဦးရေစာရင်းများ၊ စစ်မြေပြင်အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများ၊ ဂြိုဟ်တုဓာတ်ပုံများ၊ ကွင်းဆင်းလေ့လာမှုများနှင့် ဒေသခံများ၏ ထွက်ဆိုချက်များအပေါ် အခြေခံ၍ ပြုစုထားခြင်းဖြစ်ကြောင်း HDCO က ဆိုသည်။

​ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အနေဖြင့် ပြီးခဲ့သည့် ၂၀၂၆  ခုနှစ် မေလ ၂၀ ရက်နေ့က HRW ထံ ဆက်သွယ်ကာ သေဆုံးသူစာရင်းနှင့် အစီရင်ခံစာတွင် ကိုးကားထားသည့် ဓာတ်ပုံ၊ ဗီဒီယိုအထောက်အထားများကို တောင်းခံခဲ့သော်လည်း၊ HRW ဘက်က လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြချက်ပေးကာ ပေးအပ်ခြင်းမရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထန်းရှောက်ခံကျေးရွာနှင့် ပတ်သက်သော  နိုင်ငံတကာအစီရင်ခံစာအချို့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများနှင့် ရက္ခိုင်ပြည်ပြင်ပသို့ ရွှေ့ပြောင်းသွားသူများ၏ ထွက်ဆိုချက်များအပေါ် အဓိကအခြေခံထားခြင်းဖြစ်ပြီး၊ အဆိုပါထွက်ဆိုချက်များကိုလည်း တူညီသည့် သက်သေပြစံနှုန်းများဖြင့် စစ်ဆေးအတည်ပြုရန် လိုအပ်ကြောင်း HDCO က ထောက်ပြထားသည်။

​HDCO မှ  အဓိကတွေ့ရှိချက်များအရ ရရှိထားသည့် အထောက်အထားများသည် ထန်းရှောက်ခံကျေးရွာတွင် အာရက္ခတပ်တော်(AA) က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ဆိုထားသည်။

​HDCO ၏ သုံးသပ်ချက်အရ ထန်းရှောက်ခံဒေသသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊  မေလ ၂ ရက်မှ ၄ ရက်အတွင်း AA တပ်ဖွဲ့များ၊ မြန်မာစစ်ကော်မရှင်တပ်၊ ဒေသခံမူဆလင် လင်လက်နက်ကိုင်များ၊ ARSA နှင့် အခြားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဘက်ပေါင်းစုံ ပြင်းထန်သော စစ်ရေးထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

​လူဦးရေစာရင်းနှင့်ပတ်သက်၍လည်း တိုက်ပွဲမတိုင်မီ ထန်းရှောက်ခံတွင် အမြဲတမ်းနေထိုင်သူ ၉၃၃ ဦးရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်း လူဦးရေ ၉၁၀ ကျော်ကို အနီးဝန်းကျင်ရှိ ကျေးရွာများတွင် စာရင်းပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် နောက်ပိုင်းပြန်လည်စစ်ဆေးထားသည့် စာရင်းများတွင်လည်း မူလနေထိုင်သူ ၉၂၈ ဦးအထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း HDCO က ထုတ်ပြန်သည်။

​သို့သော်လည်း ယခုသုံးသပ်ချက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်အားလုံး ပြည့်မီခဲ့သည် သို့မဟုတ် စွပ်စွဲချက်အားလုံးကို အပြီးသတ်ဖြေရှင်းနိုင်ခဲ့သည်ဟု မဆိုလိုကြောင်းနှင့် ထန်းရှောက်ခံဖြစ်စဉ်အပေါ် သက်သေများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သေဆုံးပျက်စီးမှုများအပေါ် တူညီသည့်စံနှုန်းများဖြင့် ဆက်လက်စိစစ်သုံးသပ်သင့်ကြောင်း HDCO က တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ