
AB News – စက်တင်ဘာ ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြုကာ လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ၁ ဦးနှင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက် ညဥ့်သန်းခေါင် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ်တို့သည် ဖက်ကျကျေးရွာအတွင်းသို့ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအနီးနှင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖက်ကျကျေးရွာ၌ လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် အသက် (၅၇) နှစ်အရွယ် ဦးမောင်မြကြည် နှင့် ဖက်ကျကျေးရွာနေ အသက် (၇၆) နှစ်အရွယ် ဦးအောင်သန်းမောင် တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲခန့်ကလည်း စစ်ကော်မရှင်တပ်သည် ဖက်ကျကျေးရွာသို့ လေကြောင်းမှ မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် စစ်တွေ-ပုဏ္ဏားကျွန်း မြို့အစပ်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
စစ်ကော်မရှင်တပ်သည် မြေပြင်တိုက်ပွဲများတွင် အထိနာနေသဖြင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို စစ်တွေမြို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ဗုံးကြဲခြင်းတို့ကို ဆက်တိုက် ပြုလုပ်လျက်ရှိရာ အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးမှု မြင့်မားလျက်ရှိကြောင်း သိရသည်။