သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးထက်မနည်း ပျက်စီး


AB News – မေ ၁၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

“ဒီနေ့ ပုဏ္ဏားကျွန်းမြို့ထဲကို စစ်ကော်မရှင် ဗုံး ၃ လုံး ချခဲ့တယ်။ နေအိမ် ၄ လုံး ပျက်စီးသွားတယ်။ မြို့ထဲမှာ လူမနေလို့ မြို့ခံတွေတော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် စကမ ရဲ့  ဗုံးကြဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့ထဲက လူနေအိမ် အကောင်းမရှိတော့ဘူး” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် စစ်ကော်မရှင်က ပုဏ္ဏားကျွန်းမြို့တွင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၃ လုံး ကြဲချခဲ့သည့်အပြင် စစ်တွေမြို့နယ်တွင်လည်း စစ်ကော်မရှင်က အသေခံဒရုန်း ၁ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်း၊ ရေကြောင်း အသုံးပြု၍ တိုက်ခိုက်မှုအပါအဝင် ဒရုန်းများဖြင့် အရပ်သားများ နေထိုင်သည့် နေရာများကို မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့ကို စစ်ကော်မရှင် လေတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၂၀၀၊ ၃၀၀နှင့် ၅၀၀ ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုသည် ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိထားနေထိုင်ကြရန်လည်း အာရက္ခတပ်တော်က  သတိပေး တိုက်တွန်းထားသည်။

ဓာတ်ပုံ – ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး(PYA)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ