သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် လူမှုကူညီရေးစေတနာ့ဝန်ထမ်းတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံး



​AB News – ဇွန် ၂၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆေးဝါးနှင့် လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦး ယမန်နေ့ ဇွန်လ ၁ ရက် ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

​သေဆုံးသူမှာ “စေတနာအာရက္ခ ပြည်သူအကျိုးပြုဆေးခန်း” မှ စေတနာ့ဝန်ထမ်း ကိုဝင်းဘု (ခ) ဦးဝင်းမောင်သိန်း (၄၃ နှစ်) ဖြစ်ကြောင်း သိရသည်။

​၎င်းသည် ဇွန်လ ၁ ရက်နေ့၊ ညနေ ၇ နာရီကျော်အချိန်က ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဆွေမျိုးဖြစ်သူထံ သွားရောက်ပြီးနောက် ဆိုင်ကယ်ဖြင့်အပြန် လမ်းခရီးတွင် တေဘာကားတစ်စီးက မျက်နှာချင်းဆိုင်လမ်းကြောဘက်သို့ ကျော်တက်မောင်းနှင်ရာမှ ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားရာ လမ်းမပေါ်တွင် ဘရိတ်အုပ်ထားသည့် တာယာရာများ ၁၃ ပေခန့်အထိ ထင်ကျန်ခဲ့သည်ဟု မြေပြင်တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

​သေဆုံးသူ ကိုဝင်းဘုသည် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာဇာတိဖြစ်ပြီး စစ်ဘေးရှောင်ရင်း ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှစတင်ကာ အဆိုပါဆေးခန်းတွင် စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက်ကူညီပေးနေသူ ဖြစ်သည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ KG တန်း၊ နဝမတန်း (Grade-9) နှင့် ဒွါဒသမတန်း (Grade-12) တွင် ပညာသင်ကြားနေသည့် သားသမီးသုံးဦး ကျန်ရစ်ခဲ့သည်။

​လက်ရှိတွင် ယာဉ်ကို မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းအား DLEPS တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ကွယ်လွန်သူ ကိုဝင်းဘု၏ ရုပ်အလောင်းကို ယနေ့ ဇွန်လ ၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

​ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ ည ၈ နာရီခန့်ကလည်း အဝေးပြေးလမ်းမကြီးပေါ်တွင် ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ