
AB News – အောက်တိုဘာ ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် လေကြောင်းမှ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၃၀ ရက် ည ၉ နာရီခန့်တွင် စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ ဂျက်တိုက်လေယာဉ်များဖြင့် တစ်စီးပြီးတစ်စီး လာရောက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့မှ ကျောက်ဆိပ်ကျေးရွာသို့ လာရောက် စစ်ဘေးရှောင်နေသည့် အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်း နှင့် ကျောက်ဆိပ်ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် မခင်ခင်သန်း တို့ နှစ်ဦး ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ည ၉ နာရီကျော်မှ စတင်၍ ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် ဝီရဌာနေ (ပေါက်တော) မြို့နယ်တို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းကလည်း စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့ရှိ လူစည်ကားရာ “အိန္ဒိယဈေး” နှင့် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တို့ကို လေကြောင်းမှ ပစ်မှတ်ထား ဗုံးကြဲခဲ့သဖြင့် မူဆလင် ပြည်သူများအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၅၀ ဦးအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ ယင်းအနက် ၂၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိထားသည်။