
AB News – ဩဂုတ် ၂၇၊ ၂၀၂၆
ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်ကော်မရှင်တပ်က ယမန်နေ့ (ဩဂုတ် ၂၆ ရက်) တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ သားအမိ (၂) ဦး သေဆုံးပြီး (၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် (၂၆) ရက်၊ ညနေ (၄) နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ (၅) စီးဖြင့် မီးဇာကျေးရွာနှင့် အနီးပတ်ဝန်းကျင်သို့ ဗုံးအလုံးရေ (၅၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပေါ်သို့ ဗုံးတိုက်ရိုက်ကျရောက်ခဲ့ပြီး တစ်အိမ်တည်းတွင် အတူနေထိုင်သည့် သားအမိ (၂) ဦး သေဆုံးခဲ့ရသလို အခြား (၆) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် သြဂုတ်လ ၂၅ ရက် ၊ ညသန်းခေါင်အချိန်တွင်လည်းဘပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
ပြီးခဲ့သည့် ဩဂုတ် (၂၄) ရက်ကလည်း ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် (၂) ဦးအပါအဝင် (၅) ဦး သေဆုံးပြီး (၁၀) နှစ်အရွယ် မူလတန်းကလေးငယ် (၈) ဦး အပါအဝင် (၁၇) ဦး ဒဏ်ရာရရှိခဲ့သည်။
Photo – လူမှုကွန်ယက်