သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း မူလတန်းကျောင်းသား/သူများနှင့်အတူ အရပ်သားပြည်သူ ၅ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရဟု AA ထုတ်ပြန်

AB News- ဩဂုတ် ၂၅၊ ၂၀၂၆

ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းနှင့် ကျောင်းသား/သူများစာသင်ကြားနေသော ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ မူလတန်းကျောင်းသား/သူများနှင့်အတူ အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၉ မိနစ်မှ ၁၁ နာရီ ၁၆ မိနစ် အချိန်ထိ စစ်ကော်မရှင်တပ်သည် စိမ်းညှင်းဝကျေးရွာကို ဂျက်ဖိုက်တာ ၂ စီးဖြင့် လှည့်ပတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စိမ်းညှင်းဝကျေးရွာအတွင်းနှင့် ကျောင်းသား/သူများ စာသင်ကြားနေသော ရွာဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပညာသင်ကြားနေသော မူလတန်းကျောင်းသား ၁ ဦးနှင့် ၎င်းအနီးပတ်ဝန်းကျင်က အသက် ၁ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူစုစုပေါင်း ၅ ဦးသေဆုံးခဲ့သည်။

ထို့အပြင် အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူစုစုပေါင်း ၁၇ ဦးဒဏ်ရာရရှိခဲ့ကြပြီး ထိုအထဲမှ စိုးရိမ်ရသည့် မူလတန်းကျောင်းသား/သူများအပါအဝင် ပြည်သူ ၆ ဦးအထိရှိသောကြောင့် သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း အာရက္ခတပ်တော်(AA)၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကော်မရှင်တပ်၏ အဆိုပါဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စိမ်းညှင်းဝရွာရှိ လူနေအိမ် ၁၇ လုံးနှင့် ဘုန်းကြီးကျောင်းဆောင်အချို့ပျက်စီး ဆုံးရှုံးသွားခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့များကလည်း ပလက်ဝမြို့နှင့် ဆမီးမြို့များအား စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသား/သူ၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

အာဏာသိမ်းစစ်ကော်မရှင်တပ်သည် ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ပြည်သူများနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေသဖြင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ကြောက်ရွံ့ထိတ်လန့်စေပြီး ကျောင်းသားလူငယ်များ၏ ပညာသင်ခွင့် ဆုံးရှုံးနေရသည်။

Photo – AA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ