AB News – မေ ၄၊ ၂၀၂၆
နိရဉ္စရာသတင်းဌာနတွင် ရေဒီယိုတာဝန်ခံနှင့် အကြီးတန်းသတင်းထောက်အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူ ၄၈ နှစ်အရွယ် ကိုမျိုးထွန်း (ခ) ကိုမောင်အေး သည် မေလ ၃ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။
ကိုမျိုးထွန်းသည် အသည်းရောင်အသားဝါရောဂါ အခံရှိရာမှတဆင့် သည်းခြေကျောက်တည်ခြင်းနှင့် ကင်ဆာရောဂါ ဝေဒနာတို့ကို ခံစားခဲ့ရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ နိရဉ္စရာသတင်းဌာနတွင် အပတ်စဉ်နှင့် နေ့စဉ် ရေဒီယိုအစီအစဉ်များကို ဦးဆောင်ထုတ်လုပ်ခဲ့သူဖြစ်ပြီး “ကိုမောင်အေး” ဟူသော အမည်ဖြင့် လူသိများသည့် ဝါရင့်သတင်းသမားတစ်ဦး ဖြစ်သည်။
သတင်းလောကသို့ မဝင်ရောက်မီ ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA/AA) တွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း နိရဉ္စရာသတင်းဌာန၏ မှတ်တမ်းများအရ သိရသည်။
ရက္ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်း ညောင်ပင်လေကျေးရွာ ဇာတိဖြစ်သူ ကိုမျိုးထွန်း ကွယ်လွန်ချိန်တွင် ဇနီးနှင့် သား ၂ ဦး ကျန်ရစ်ခဲ့သည်။ ၎င်း၏ ရုပ်အလောင်းအား ယနေ့ မေလ ၄ ရက်နေ့တွင် ဘင်ဒရိုဘင် (ရွာတော်) ၌ သင်္ဂြိုဟ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပွင့်လင်းရိုးသားပြီး လုပ်ဖော်ကိုင်ဖက်များအကြား ချစ်ခင်လေးစားခံရသူ သတင်းထောက်ဟောင်း ကိုမျိုးထွန်း ကွယ်လွန်သွားခြင်းအပေါ် ၎င်း၏မိသားစုနှင့်အတူ နိရဉ္စရာသတင်းဌာနကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။
