သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓားပြတိုက်ခံရပြီး တစ်နှစ်နီးပါးအကြာတွင် ကျောက်တော်မှ ကလေး ၂ ယောက်မိခင် အဆိပ်သောက်သေဆုံး

AB News – ဇွန် ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာတွင် ပြီးခဲ့သည့်နှစ်က ရွှေ ၁၀ ကျပ်ကျော် ဓားပြတိုက်ခံခဲ့ရသည့် မိသားစုမှ အမျိုးသမီးတစ်ဦးဖြစ်သော မစုစုဌေးသည် ဇွန် ၁၆ ရက်က အဆိပ်သောက်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၃၀ ကျော်အရွယ်ရှိ မစုစုဌေးမှာ ဆန်စက်ပိုင်ရှင် ကိုကျော်သက်လှိုင်၏ အမျိုးသမီးဖြစ်ပြီး အဆိပ်သောက်ပြီးနောက် ဆေးကုသမှုခံယူခဲ့သော်လည်း အသက်မကယ်နိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဆိပ်အမျိုးအစားတော့ မသိရဘူး။ ဆေးပြားနှစ်ပြားသောက်လိုက်တယ်လို့ ကြားရတယ်။ သောက်ပြီးတော့ ဝေဒနာတော်တော် ခံစားခဲ့ရတယ်။ ဆေးခန်းတွေလည်း ပြခဲ့ပေမယ့် မကယ်နိုင်ခဲ့ဘူး” ဟု ၎င်းက AB News သို့ ပြောသည်။

မစုစုဌေး သေဆုံးသွားပြီးနောက် အမျိုးသားနှင့်အတူ နို့စို့အရွယ်ကလေးတစ်ဦးအပါအဝင် သားသမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။

“ကလေးအငယ်လေးက ၂ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ မိခင်မရှိတော့ဘဲ ကျန်ခဲ့တာကို မြင်ရတော့ စိတ်မကောင်းဖြစ်မိတယ်။ မစုစုဌေးကလည်း ရပ်ရွာမှာ လူချစ်လူခင်များတဲ့သူတစ်ယောက်ပါ” ဟု မိသားစုနှင့်နီးစပ်သူ နောက်တစ်ဦးက ပြောသည်။

မစုစုဌေးတို့ မိသားစုသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့် ညတစ်ညတွင် အမည်မသိ လူတစ်စုက ၎င်းတို့၏ နေအိမ်သို့ ဝင်ရောက်ကာ ရွှေ ၁၀ ကျပ်ကျော်နှင့် ငွေသားအချို့ကို ဓားပြတိုက်၊ ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုဖြစ်စဉ်အတွင်း မစုစုဌေးမှာ လက်တစ်ဖက်တွင် ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ဆုံးရှုံးသွားသည့် ရွှေများမှာ ကိုကျော်သက်လှိုင်၏ မိဘများက အပ်နှံထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ဓားပြတိုက်မှုဖြစ်ပွားပြီး တစ်နှစ်နီးပါး ကြာမြင့်လာသော်လည်း ဆုံးရှုံးသွားသည့် ရွှေနှင့် ငွေသားများကို ပြန်လည်မရရှိသေးသကဲ့သို့ ကျူးလွန်သူများကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ကွမ်းအုံချောင်းကျေးရွာသည် စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာပင် ဖြစ်သည်။

ရုပ်သံ – Social Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ