AB News – မေ ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ တောင်မော်ကြီးရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယမန်နေ့ မေလ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီ၊ ၄၀ မိနစ်ခန့်အချိန်တွင် စနဲမြို့တွင်းမှ လူနေအိမ် ၆၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း စနဲမြို့ခံများက ဆိုကြသည်။
တောင်မော်ကြီးရေတပ်စခန်းမှ လက်နက်ကြီး တရစပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်မှ အရပ်သားနေအိမ် ၅၇ လုံး ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စနဲမြို့တွင်းကို စစ်ကော်မရှင်၏ တောင်မော်ကြီးရေတပ်မှ ယမန်နေ့တွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း နေအိမ်မီးလောင်ဆုံးရှုံးခဲ့သည့် စနဲမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
“မနေ့က တစ်ရက်လုံး တောင်မော်ကြီး ရေတပ်စခန်းက လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စနဲမြို့တွင်းမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး လူနေအိမ် ၆၀ လောက် မီးလောင်ပျက်စီးသွားပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေအသေးစိတ်ကို မသိရသေးဘဲ၊ နေအိမ်မီးလောင်ဆုံးရှုးသွားသည့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စ၍ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရွာများကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကျောက်ဖြူမြိုနယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းများသည် ၎င်းတို စစ်ရေးအရ အရေးနိမ့်နေချိန် သိုမဟုတ် စစ်ရေးလှုပ်ရှားမှုများရှိချိန်တွင် အရပ်သား ပြည်သူလူထု နေထိုင်ရာ ကျေးရွာများနှင့် မြိုပြရပ်ကွက်များကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။
ပုံစာ – ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် တောင်မော်ကြီးရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် စနဲမြို့အတွင်း လူနေအိမ်များ မီးလောင်ပျက်စီးနေသည်ကို မြင်တွေ့ရခြင်း။



