AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စုရှိ ရွာသစ်ကေကျေးရွာကို ယနေ့တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၃ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
ယနေ့ (စက်တင်ဘာ ၁၁ ရက်)၊ ညနေ ၄ နာရီခန့်တွင် စစ်ကော်မရှင်တပ်က ရာသစ်ကေကျေးရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ၃ ကြိမ်တိုင်တိုင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကေကျေးရွာမှ အသက် ၆၀ အရွယ် အပြစ်မဲ့ ဒေသခံ ဦးတင်မောင် သေဆုံးသွားခဲ့ပြီး အသက် ၇၃ နှစ်အရွယ် ဦးမင်းဆွေ မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
တောင်ကုတ်မြို့နယ်မှ ဒေသခံတစ်ဦးက ” စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကတေ့ာ မြို့ရဲ့အစွန်ဘက်မှာပါ။ ဒေသခံ တစ်ယောက်တေ့ာ ပွဲချင်းပြီးသေဆုံးခဲ့တယ်။ နောက်တစ်ယောက်ကတေ့ာ ဒဏ်ရာအနည်းငယ်ရသွားတယ်။ ထိခိုက်ပျက်စီးမှုကတေ့ာ နေအိမ်နှစ်ဆောင်နဲ့ နွားတစ်ကောင် သေသွာပါတယ်” ဟု AB News သို့ပြောဆိုသည်။
ဒဏ်ရာရရှိသူ ဦးမင်းဆွေကို နီးစပ်ရာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင် ဆေးကုသပေးလျက် ရှိပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ် ၂ ဆောင်နှင့် နွားတစ်ကောင် သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာသည် တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီးရှိ တောင်တန်းပေါ်သို့လည်း ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၀ ရက်ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
မြေပြင် တိုက်ပွဲများအတွင်း စစ်ရေးအရ အရေးနိမ့်နေသည့် စစ်ကော်မရှင်တပ်သည် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်းမှ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် တိုက်ခိုက်လျက်ရှိသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှု အန္တရာယ်များ ပိုမို မြင့်မားနေသဖြင့် ရက္ခိုင်ဒေသအတွင်းရှိ ဒေသခံ ပြည်သူများအနေဖြင့် လေကြောင်းရန် အန္တရာယ်ကို အချိန်ပြည့် အထူးသတိပြု ကြိုတင်ကာကွယ်ကြရန် အာရက္ခတပ်တော် (AA) က ထပ်မံ အသိပေး နှိုးဆော်ထားသည်။
Photo – Arakan Bay News
