AB News – ဇွန် ၂၈၊ ၂၀၂၆
မကွေးတိုင်း၊ ဆောမြို့နယ်ကို စစ်ကော်မရှင်က ယမန်နေ့ ဇွန်လ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် လောင်းရှည်ဒေသရှိ နတ်ကောင်းကျင်းကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၃၀ နှစ်နှင့် ၄၀ နှစ်အရွယ် အမျိုးသားများအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦးတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအနက် ခြေနှစ်ဖက်ပြတ်တောက်သွားသူတစ်ဦးနှင့် လက်တစ်ဖက်ပြတ်တောက်သွားသည့် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ဖြစ်ပွားရာ နေရာတွင် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိထားသူ တစ်ဦးမှာ ယနေ့နံနက်ပိုင်းတွင် ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သည့်အပြင် နွား၊ ဝက်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၂၇ ရက် ညနေပိုင်းတွင် ဆောမြို့နယ် ရင်းကဲကျေးရွာ၏ တောင်ဘက်ခြမ်းကိုလည်း စစ်ကော်မရှင်က ၃ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တစ်ဖက်တွင် ဆော-ကျောက်ထု-ဂန့်ဂေါလမ်းပိုင်းနှင့် ဆက်စပ်နေသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားသည်။



