AB News – ဇွန် ၁၊ ၂၀၂၆
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်၊ ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ “Green Arakkha စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းက အပင်စိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရှိရသည်။
မိုးရာသီမှာ အပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ပြီး အာရက္ခဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် သစ်တောပြုန်းတီးမှု စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ဒေသအကျိုးပြု သစ်ပင်စိုက်ပျိုးခြင်းဖြင့် လူမှုအသိုက်အဝန်းအကြား ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု စိတ်ဓာတ်များ နိုးကြားလာစေရန်နှင့် ပြည်သူတစ်ဦးချင်းစီ၏ စည်းလုံးညီညွတ်မှုကို အခြေခံ၍ အိမ်တိုင်း၊ မြို့တိုင်းတွင် ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။
ထို့အပြင် ရက္ခိုင့်မျိုးဆက်သစ် လူငယ်များအနေဖြင့် ဦးဆောင်လှုပ်ရှားကြရန်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာများက လုပ်ဆောင်သည့် အပင်စိုက်ပျိုးရေး လှုပ်ရှားမှုများတွင်လည်း ပြည်သူများအနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။
သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်စေပြီး လူထုကို သန့်ရှင်းသော အောက်ဆီဂျင်ရရှိစေခြင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အပူချိန်မြင့်တက်မှုကို လျှော့ချပေးခြင်း၊ ရေကြီးခြင်းနှင့် မြေဆီလွှာ ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့နိုင်ရန်အတွက် ပံ့ပိုးကူညီပေးခြင်း၊ အပင်များ ရွေးချယ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရိပ်ရ၊ မြေထိန်း၊ လေထုသန့်စင်မှု ပေးနိုင်စွမ်းရှိပြီး ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အပင်များကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း အကြံပြုထားသည်။
မိသားစုတိုင်း၊ ကျောင်းများနှင့် လူငယ်များအပြင် ရပ်ရွာစိုက်ပျိုးရေး အဖွဲ့အစည်းများအားလုံး စုပေါင်းလက်တွဲကာ “အပင်စိုက်စို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့၊ အပင်ရှိရင် မဖြတ်တောက်ပါနဲ့၊ မဖျက်ဆီးပါနဲ့” ဟု တောင်းဆိုထားပြီး အာရက္ခပြည်၏ အနာဂတ် မျှော်လင့်ချက်နှင့် သာယာစိမ်းလန်းသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းနိုင်ရန်အတွက် “ဝန်းရံအပင်စိုက်လို့ နက်ဖြန်အတွက် အာရက္ခပြည်ကို ကာကွယ်ပါ” ဟု တိုက်တွန်းနှိုးဆော်ထားသည်။

