သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင်များ၏ စိတ်ဖိစီးမှုများ ခဏတာဖြေဖျောက်စေရန် စစ်ရှောင်စခန်းများတွင် ရက္ခိုင်တေးသံရှင်များ သီဆိုဖျော်ဖြေခဲ့

AB News – မေ ၅၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူများ မွမ်းကြပ်ခံစားနေကြရသော စိတ်ဖိစီးမှုများကို ခဏတာ ဖြေဖျောက်ဖို့အတွက် ရက္ခိုင်က တေးသံရှင်များ၊ အနုပညာရှင်များနှင့် ပရဟိတညီအစ်ကိုမောင်နှမများ စုပေါင်းပြီး ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖျော်ဖြေမှုကို ယမန်နေ့ မေလ ၄ ရက်နေ့မှ စတင်ကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေအရေးပေါ် ကူညီရေး စုပေါင်းပရဟိတအဖွဲ့တို့က ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်သို့ ရက္ခိုင်တေးသံရှင် Mymoeset၊ ၁၂ တန်း ကျောင်းသူ တေးသံရှင် စုဝေဖြိုး၊ ဂီတမှူး ကိုလုကာနှင့် အနုပညာစိတ်ဝင်စားသည့် ပရဟိတလူငယ် K Khine, YP J, NoKo, Salmon တို့မှ သီဆိုဖျော်ဖြေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖျော်ဖြေရေးအစီအစဉ် ဖြစ်မြှောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ရေအရေးပေါ် စုပေါင်းကူညီရေးပရဟိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုခိုင်ဟိန်းထက်က “ကျနော်တို့က အမြဲလိုလို စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိတွေ့နေရတာဆိုတော့ ပြည်သူတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စားဝတ်နေရေးအကျပ်အတည်းတွေ၊ မိသားစုပြဿနာတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ဖို့ စိတ်ထွက်ပေါက်တစ်ခု ရအောင်ဆိုပြီးတော့ စဉ်းစားခဲ့ကြတဲ့အခါ ကျနော်တို့မှာ အနုပညာကို စိတ်ဝင်စားတဲ့ ညီအစ်ကို မောင်နှမတွေရှိတယ်၊ ရင်းနှီးတဲ့ တေးသံရှင်တွေကို ခေါ်ပြီးတော့ လုပ်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျနော်တို့အနေနဲ့ကလည်း တေးသံရှင်တွေဖိတ်ဖို့အတွက် အခကြေးငွေမတတ်နိုင်တဲ့အတွက် ကျနော်တို့နဲ့ နီးစပ်တဲ့ တေးသံရှင်တွေကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်” ဟု AB News သို့ ပြောသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ကောက်ယူရရှိထားသည့် စာရင်းအရ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူ ၅ သောင်းကျော် ရှိပြီး အဆိုပါစစ်ဘေးရှောင်ပြည်သူများမှာ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်များကို စွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြရသူများဖြစ်ကြပြီး စားဝတ်နေရေးအကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေကြရသူများဖြစ်သည်။

ယခုအခါ မိုးရာသီကို ရောက်ရှိစပြုလာပြီဖြစ်၍ မိုးသက်လေပြင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးကာ ခိုလုံရာနေရာမရှိဖြစ်နေကြရပြီး စိတ်ဖိစီးမှုဒဏ်ပေါင်းများစွာကိုလည်း ရင်ဆိုင်နေကြရသူများဖြစ်သည်။

ထို့ကြောင့် စစ်ရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများခံစားနေကြရသည့် စိတ်ဒဏ်ရာများကြားမှ ခဏတာ စိတ်အမောပြေစေရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များပြုလုပ်ကြရခြင်းဖြစ်ပြီး သီဆိုနေစဉ်အတွင်း ပြည်သူများ၏ မျက်နှာတွင် အပြုံးများမြင်ရခြင်းအတွက်လည်း အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်ရကြောင်း တေးသံရှင် မိုင်မိုးစက်မှ AB News သို့ ပြောဆိုသည်။

“ခုလို စစ်ဘေးရှောင်ပြည်သူတွေ ခံစားနေကြရတဲ့ စိတ်ဖိစီးမှုတွေကို အမောပြေစေဖို့အတွက် ဥက္ကဋ္ဌ ခိုင်ဟိန်းထက်နဲ့ ပြောဆိုဖြစ်တယ်။ ဖျော်ဖြေရေးအစီအစဉ်လုပ်တဲ့ အခါမှာလည်း စစ်ဘေးရှောင်ပြည်သူတွေက လာရောက်နားထောင်ပေးကြပြီး သူတို့ရတဲ့ သီချင်းတွေဆို လိုက်ဆိုကြတယ်။ ထ ပြီး ကကြတယ်။ သူတို့ရဲ့ မျက်နှာပြင်မှာ အပြုံးတွေ မြင်ရလို့လည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ၎င်းက ဆိုသည်။

နောက်ထပ် ရက္ခိုင်တေးသံရှင်တစ်ဦးဖြစ်သူ ၁၂ တန်း ကျောင်းသူ စုဝေဖြိုး က လည်း “ညီမကိုယ်တိုင်ကလည်း သီဆိုရတာကို ဝါသနာပါတယ်။ အစ်ကိုကလည်း ကမ်းလှမ်းလာတဲ့အတွက် ဖျော်ဖြေရေးအစီအစဉ်မှာ ပါဝင်ဖြစ်ခဲ့တာပါ။ ပြီးတော့ စစ်ရှောင်ပြည်သူတွေ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကို ကျမသီဆိုတဲ့ သီချင်းလေးတွေ နားထောင်ရင်း စိတ်ခံစားချက်တွေ နည်းနည်းကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ပါဝင်ဖြစ်ခဲ့တာပါ” ဟု ဆိုသည်။

“ခုလို တေးသံရှင်တွေက လာရောက်ဖျော်ဖြေပေးတဲ့အတွက် တေးသံရှင်တွေကိုရော၊ ခုလိုဖျော်ဖြေရေးအစီအစဉ်တွေဖြစ်မြှောက်အောင် လုပ်ဆောင်ပေးတဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ခုလို အစီအစဉ်တွေ များများရှိလာဖို့ မျှော်လင့်ပါတယ်” ဟု စစ်ဘေးရှောင်စခန်းမှ ခင်သန္တာအောင်မှာ AB News သို့ ပြောဆိုထားသည်။

ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် နှစ်ရှည်လများ စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူများမှာ နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်သည် စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ဒေသတစ်ခုဖြစ်ပြီး စခန်းများရှိ ပြည်သူများမှာ အခြေခံစားဝတ်နေရေး အခက်အခဲများအပြင် စစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ(Trauma) ကိုလည်း ရင်ဆိုင်နေကြရသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်သည် ရက္ခိုင်ပြည်ထဲရှိ စစ်ဘေးရှောင်ပြည်သူများ အများဆုံး နေထိုင်ရာ ဒေသဖြစ်သည့်အတွက် ရေရှားပါးမှုပြဿနာကိုလည်း နွေရာသီရောက်တိုင်း ရင်ဆိုင်ကြုံတွေ့ကြရသည့် ဒေသလည်းဖြစ်သည်။

ယခုကဲ့သို့ မိုးရာသီအကူးအပြောင်းကာလတွင် နေထိုင်ရေး အခက်အခဲများ ပိုမိုဆိုးရွားလာကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသာမက စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုများသည်လည်း အလွန်အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည်။

ဂီတ၊ အနုပညာဖြင့် ကုစားခြင်း (Art Therapy) သည် စစ်ဘေးရှောင် ပြည်သူများနှင့် ကလေးငယ်များအတွက် ခေတ္တခဏအတွင်း၌ပင် စိုးရိမ်ပူပန်မှုများကို လျော့ကျစေနိုင်သဖြင့် ဒေသတွင်း ပရဟိတအဖွဲ့အစည်းများက ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများကို လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ပုံစာ – ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူများ စိတ်အမောပြေစေရန် ရက္ခိုင်တေးသံရှင်များ ဖျော်ဖြေတင်ဆက်နေခြင်း။(Arakan Bay News – ချန်ဒြာ/July)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ