
AB News – ဇွန် ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ လူမနေသည့် ပြည်သူပိုင် နေအိမ်များကို စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ဖြိုဖျက်ပြီး ရောင်းစားနေကြကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
စစ်ကော်မရှင်တပ်က စစ်တွေမြို့နယ်၊ သိန်းတန်၊ ရာတန်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ကျားမသောက်နှင့် ကြွီတဲစသည့် ကျေးရွာများရှိ လူမနေသော နေအိမ်များကို ဖြိုဖျက်ကာ သစ်တိုင်များ၊ ပျဉ်များနှင့် သစ်အမျိုးမျိုးကို တင်ဆောင်သယ်ယူကာ ရောင်းချနေကြောင်း သိရသည်။
စစ်တပ်၏ ဒကစ ဌာနချုပ်မှ တပ်ကြပ်ကြီး သန်းဖေ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်မောင်နှင့် နာရီကန်တံတား တာဝန်ခံတို့ ပူးပေါင်းပြီး ပြီးခဲ့သည့် မတ်လမှ စ၍ နေအိမ်များနှင့် အပင်များအား ခုတ်လှဲဖြိုဖျက်ကာ မူဆလင်များအား ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့ပေါ်တွင်လည်း လူမနေသည့် နေအိမ်များကို စစ်တပ်က ဖြိုဖျက်ကာ ရောင်းစားမှုများ ရှိနေကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် စစ်တပ်အတွင်း ဘန်ကာဆောက်လုပ်ရန်အတွက် အိမ်တိုင်များနှင့် သစ်ကောင်းများကို ယူဆောင်နေကြပြီး ယင်းလုပ်ရပ်များသည် ပြည်သူပိုင်ပစ္စည်းများကို မတရားသိမ်းယူနေခြင်းဖြစ်ကြောင်းလည်း စစ်တွေမြို့ခံများက သုံးသပ်ပြောဆိုနေကြသည်။
လက်ရှိတွင် စစ်တွေမြို့နယ်အတွင်း၌ စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် မြို့အနီးရှိ ကျေးရွာအများအပြားမှ ဒေသခံများသည် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။
ဓာတ်ပုံ – Social Media