သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင် ဗုံးကြဲခဲ့သည့် ကြောင်ချောင်းရွာကို ခရိုင်ပါတီကော်မတီမှ ငွေကျပ်သိန်း ၂၀၀ ကျော် ထောက်ပံ့

AB News – ဧပြီ ၂၀၊ ၂၀၂၆

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က စစ်ကော်မရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပလက်ဝခရိုင်၊ ကြောင်ချောင်းရွာကို ပလက်ဝခရိုင်ပါတီကော်မတီမှ ငွေကျပ်သိန်း ၂၂၁ သိန်းအား ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ ညနေ ၄ နာရီ၊ ၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်တပ်သည် ပလက်ဝမြို့နယ် အတွင်းရှိ “ကြောင်ချောင်းကျေးရွာ” အား ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကြောင်ချောင်းကျေးရွာမှ အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ ၇ ဦးအတွက် တစ်ယောက်လျှင် ငွေကျပ်သိန်း ၂၀ စီ ထောက်ပံ့ခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးလျှင် ငွေကျပ် ၇ သိန်းနှင့် ၄ ဦး၊ မီးလောင်ဆုံးရှုံးခဲ့သည့် နေအိမ် ၂ လုံးအတွက် ငွေကျပ် သိန်း ၃၀၊ အလတ်စားပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ် ၃ လုံးအတွက် ကျပ်သိန်း ၃၀ တို့ကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီက ကူညီခဲ့ကြောင်းသိရသည်။

ကြောင်ချောင်းကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော် ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခုရက်များအတွင်း ရက္ခိုင်ပြည်အား ဂျက်တိုက်လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များကို တစ်ပြိုင်နက်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက် ပိုမို ပြင်းပြင်းထန်ထန် ပြုလုပ်လာသောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုသတိရှိကြရန် အာရက္ခပြည်သူ့အစိုးရမှ ရပ်ရွာများတွင် ဆိုင်းဘုတ်များ စိုက်ထူ၍ အသိပေးခြင်းအပြင် ကားများဖြင့် လှည့်ပတ်ပြီး အသိပေး နှိုးဆော်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ