သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခမီအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရက္ခုင်ပြည်အတွင်း တစ်နေရာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ

AB News – ဧပြီ ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်တွင်း တစ်နေရာတွင် ၁၆ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန့်နေ့ ဧပြီလ ၂၇ ရက်နေ့က အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ULA AA ကိုယ်စား မြောက်ဦးမြို့နယ် ပါတီခရိုင်စည်းရုံးရေးမှုး၊ ခမီအမျိုးသားနေ့ ကျင်းပရေးကော်မတီ နာယက၊ အာရက္ခပြည်စာရေးဆရာအသင်းဗဟိုကိုယ်စားပြု ဆရာနောင်အေး တို့မှ မိန့်ခွန်းပြောကြားခဲ့ကြသည်။

အဆိုပါအခမ်းအနားကို “၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့” အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ပြီး၊ တက်ရောက်လာသူများက ခမီလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် တညီတညွတ်တည်းရှိမှုကို ဂုဏ်ပြုခဲ့ကြသည်။

ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပေးပို့သည့် သဝဏ်လွှာဖတ်ပြခဲ့ပြီး အခမ်းအနားတွင် ခမီလူမျိုးခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ အများအပြား ပါဝင်ဆင်နွှဲခဲ့ကြပြီး ခမီလူမျိုးများ၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်ကာ ခမ်းနားထည်ဝါစွာ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား စတင်ချိန်တွင် ခမီလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပြီး ခမီလူမျိုးခေါင်းဆောင်များက ခမီအမျိုးသားနေ့၏ အရေးပါမှု၊ ခမီလူမျိုးများ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပုံတို့ကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။

ထို့ပြင် ခမီလူမျိုးများအကြား စည်းလုံးညီညွတ်မှု တိုးတက်စေရန်နှင့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်တို့ကိုလည်း တိုက်တွန်းခဲ့ကြသည်။

အခမ်းအနားတွင် ခမီလူမျိုးများ၏ ရိုးရာဓလေ့ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး လာရောက်လေ့လာသူများအား ခမီလူမျိုးများ၏ ယဉ်ကျေးမှုနှင့် ထိတွေ့ခွင့်ရစေခဲ့အပြင် ခမီလူမျိုးများ၏ ရိုးရာအစားအစာများကိုလည်း ကျွေးမွေးဧည့်ခံခဲ့ကြသည်။

ဤ “ခမီအမျိုးသားနေ့” အထိမ်းအမှတ် အခမ်းအနားသည် ခမီလူမျိုးများ၏ ယဉ်ကျေးမှုနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် အထူးအရေးပါသော ပွဲတစ်ပွဲပင် ဖြစ်သည်။

ဤအခမ်းအနားသည် ခမီလူမျိုးများ၏ အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ပေးရုံသာမက တခြားသော လူမျိုးစုများနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေရန်လည်း များစွာအထောက်အကူပြုခဲ့သည်။

ပုံစာ – ဧပြီလ ၂၇ ရက်နေ့က ရက္ခိုင်ပြည်အတွင်း ၁၆ ကြိမ်မြောက် ခမီအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပနေသည်ကို မြင်တွေ့ရစဉ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ