AB News – ဧပြီ ၂၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အမျိုးသားတစ်ဦးက ၎င်း၏ မယားဟောင်းဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့သည့် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်၊ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးရှိ မီးကျောင်းရေသောက် စစ်ဘေးရှောင်စခန်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စခန်းတွင် ခိုလှုံနေထိုင်သူ အသက် ၅၆ နှစ်အရွယ် ဦးခင်သိန်းမောင်ဆိုသူသည် အရက်မူးယစ်နေစဉ် ၎င်း၏ဇနီးဟောင်းဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဒေါ်ကြာလှမ (ခ) လှလှဝင်းကို ဓားဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DLEPS က ဆိုသည်။
ဒေါ်ကြာလှမသည် လက်၊ ခါး၊ ခေါင်းနှင့် လည်ပင်းတို့အပါအဝင် ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာ ၁၁ ချက်ခန့် ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။
အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ဧပြီလ ၁၉ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်ကြားမှုလက်ခံရရှိခဲ့ပြီးနောက် DLEPS တာဝန်ရှိသူများက တစ်နာရီအတွင်း တရားခံကို သက်သေခံဓားနှင့်အတူ အချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်။
လက်ရှိတွင် တရားခံအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာရန်နှင့် မူးယစ်ရမ်းကားမှုများကို ထိန်းချုပ်ရန် နှိုးဆော်ထားသည်။
ထို့အပြင် တရားမဝင် အရက်ထုတ်လုပ်ရောင်းချမှုများနှင့် လက်နက်ကိုင်ဆောင်မှုများကိုလည်း ဆက်လက်တားဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းလာစေရန်အတွက် ပြည်သူများအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားကြောင်း သိရသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့် ဆက်စပ်
သတင်းများ ထုတ်ပြန်ရေးအဖွဲ့


