သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်၊ ဂွနှင့် ကျိန္တလီမြို့တို့တွင် စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ


AB News – ​ဇွန် ၁၈၊ ၂၀၂၆

​ရက္ခိုင်ပြည်အတွင်းရှိ ကျောက်တော်၊ ဂွနှင့် ကျိန္တလီမြို့ရှိ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သား ၁၀ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်မှစ၍ စစ်ကော်မရှင်တပ်သည် ပထမအကြိမ် ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူများနေထိုင်သည့် နေရာ ၅ ခုကို Rocket သီး ၁၃ လုံး နှင့် ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။

ဒုတိယအကြိမ်တွင်လည်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးဝန်းကျင်ကို ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၃၀၀ ဗုံး တစ်လုံး နှင့် Rocket သီး ၂ လုံးဖြင့် အသုံးပြုတိုက်ခိုက်ခဲ့သည်။

စစ်ကော်မရှင်၏ တစ်နာရီနီးပါးကြာသည့် ၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ ည ၁၂ နာရီအချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ အမှတ် ၁၁ တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့အား စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စာသင်ကျောင်းဆောင်များနှင့် အနီးအနားမှ ပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်မှာ ဒဏ်ရာရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ်အချို့ ပျက်စီးသွားခဲ့ရသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ ညနေ ၃ နာရီ၊ ၂၀ မိနစ် အချိန်ခန့်တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်သို့ စစ်ကော်မရှင်တပ်မှ အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား ၂ ကောင် သေဆုံးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ ည ၁၁ နာရီခွဲ အချိန်ခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ အမှတ် ၄ တိုက်နယ်၊ ကုလားတွင်းကျေးရွာ နှင့် ဘယာကျေးရွာတို့အား စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူများ၏ နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွားပြည်သူများကို အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်၍ ခရီးသွားပြည်သူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ၎င်းသံဇစ်မြစ်အတွင်းမှာပင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော မော်တော်ဘုတ်တစ်စီးအား အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး ၎င်းမော်တော်ဘုတ်၌ လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှုများရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ