AB News – သြဂုတ် ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကော်မရှင်တပ်က ညသန်းခေါင်အချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ သြဂုတ်လ ၁၃ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းရှိ အရပ်သားများနေထိုင်ရာသို့ စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဗုံးသီး ၂ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပေါ်တွင် ရှိနေသည့် အသက် ၇ နှစ်အရွယ် မောင်နေလင်းသန့်၊ အသက် ၁၂ နှစ်အရွယ် မောင်ဉာဏ်လင်းသန့်၊ အသက် ၂၆ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၃၅ နှစ်အရွယ် မောင်မင်းဝေခန့်၊ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်၊ အသက် ၄၆ နှစ်အရွယ် ဦးထွန်းလင်း၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန္ဒာထွန်းနှင့် အသက် ၆၀ နှစ်အရွယ် ဒေါ်ခင်မိုးရွှေ တို့သည် အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ဦးသေဆုံးပြီး လူနေအိမ် (၅) လုံးနှင့် ဆိုင်ကယ် (၁) စီး ပျက်စီးဆုံးရှုံးခဲကြောင်း သိရသည်။
အလားတူ သြဂုတ် ၁၃ ရက်နေ့၊ ည ၁၀ နာရီ ၅၅ မိနစ်အချိန်ခန့်ကလည်း ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာသို့ စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
မြေပြင်တိုက်ပွဲများ၌ အထိနာနေသည့် စစ်ကော်မရှင်သည် အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို နေ့ညမရွေး လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသဖြင့် အာရက္ခဒေသတစ်ခုလုံးအနေဖြင့် လေကြောင်းရန်ကို “အချိန်ပြည့်” အထူးဂရုစိုက်ကြရန်လည်း အာရက္ခတပ်တော်က အသိပေးနှိုးဆော်ထားသည်။
