
AB News – မတ် ၁၆၊၂၀၂၆
ရက္ခိုင်ပြည်၊ မြို့သိမ်းတိုက်ပွဲ ကာလများအတွင်း အာရက္ခတပ်တော် AA မှ ဖမ်းဆီးထိန်းသိမ်း အကျဥ်းချထားသည့် စစ်သုံ့ပန်း မိသားစုဝင်များနှင့် ၎င်းတို့၏ စစ်သုံ့ပန်းများ ထားရှိရာ နေရာ ၅ ခုကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စုစုပေါင်း ၂၂၆ ဦးသေဆုံးခဲ့ပြီး ၉၇ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၆ ခုနှစ် မတ်လအထိ ၃ နှစ်တာကာလအတွင်း စစ်ကော်မရှင်သည် စစ်သုံ့ပန်းများထားရှိရာ နေရာ ၅ ခုအား လေကြောင်းနှင့် ဒရုန်းများတို့ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်လေတပ်၏ ဗုံးကြဲသတ်ဖြတ်မှုကြောင့် အာရက္ခတပ်တော် AAထံ အလင်းဝင်ရောက်လာသည့် စစ်သုံ့ပန်းများနှင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော စစ်သုံ့ပန်းစုစုပေါင်း ၂၂၆ ယောက်သေဆုံးခဲ့၍ ၉၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံ့ပန်းများနှင့် စစ်သုံ့ပန်း မိသားစုများထားရှိသော အကျဉ်းစခန်းကို စစ်ကော်မရှင်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၁၇ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့သည်။
အလားတူ စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထားရှိရာ ၄ မိုင်ရှိ ရဲတပ်ရင်း နခခ(၂) အကျဉ်းစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်သုံ့ပန်း အယောက် ၅၀ သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြား ရရှိခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသရှိ စစ်သုံ့ပန်း မိသားစုများ ထားသည့် နေရာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်များနှင့် စစ်သုံ့ပန်း အမျိုးသမီးများ အပါအဝင် ၂၈ ယောက် သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့ နယ်အစပ်ရှိ ချောင်းတူ(ခ)ဆောင်းဒုံကျေးရွာနားက စစ်သုံ့ပန်းနှင့် စစ်သုံ့ပန်း မိသားစုများထားသော အကျဉ်းစခန်းတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ အပါအဝင် စစ်သုံ့ပန်းမိသားစု ၂၁ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ သည်။
ယခုနှစ် ယခုလဖြစ်သည့် ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့မှာလည်း အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက အကျဉ်းထောင်စခန်းတစ်ခုအား စစ်ကော်မရှင်မှ ဂျက်ဖိုက်တာ ၄ စီးနှင့် Y- 12 ၄ စီးတို့ဖြင့် ၃ နာရီခွဲကြာအထိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ယောက် သေဆုံးပြီး ၃၂ ယောက် ဒဏ်ရာရရှိခဲ့သည်။
စစ်သုံ့ပန်းများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဥ်များနှင့် ပတ်သက်ပြီး နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးက ” “စစ်ကော်မရှင်အနေနဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာဟာ အလွန်ပဲ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ သူတို့အတွက် အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ကြတာတောင်မှ မငဲ့ကွက်ဘဲ အပြတ်ချေမှုန်းနေတာဟာ လူသားဆန်မှု လုံးဝကင်းမဲ့နေတာကို ပြသနေတာပါ။ မိမိလက်အောက်ခံ တပ်မတော်သားတွေကို အစုလိုက်အပြုံလိုက် ပြန်လည်သတ်ဖြတ်နေတာဟာ အသိတရားမဲ့တဲ့ လုပ်ရပ်ဖြစ်သလို၊ စစ်မြေပြင်က အဖြစ်မှန်တွေကို ဖုံးဖိဖို့အတွက် သက်သေတွေကို လိုက်လံနှုတ်ပိတ်နေတဲ့ ပုံစံမျိုးလည်း ဖြစ်နေပါတယ်။ သူတို့ဟာ အသုံးလိုရင် တစ်မျိုး၊ အသုံးမလိုရင် တစ်မျိုး စွန့်လွှတ်တတ်တဲ့အပြင် နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Convention) ပါ ပြဋ္ဌာန်းချက်တွေကိုလည်း လုံးဝ လိုက်နာခြင်း မရှိတော့ပါဘူး။ အထူးသဖြင့် အမ်းမြို့နယ်က ဖြစ်စဉ်ဟာဆိုရင် အလွန်ပဲ ရင်နာစရာကောင်းတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုပါပဲ”ဟု ဆိုသည်။
လက်ရှိတွင် စစ်သုံ့ပန်းများ ရှိရာ အကျဥ်းစခန်းများအား စစ်ကော်မရှင်မှ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများသည် ယခင်ကထင် အပြင်းအထန် ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
ရက္ခိုင်ပြည်အတွင်း စစ်ကော်မရှင်တပ်သည် နယ်မြေအများအပြားကို ဆုံးရှုံးခဲ့ပြီးနောက် စစ်မြေပြင်၌ တိုက်ခိုက်ရမည့်အစား လေကြောင်း အသုံးပြု၍ အရပ်ပြည်သူများနေထိုင်ရာများနှင့် စစ်သုံ့ပန်းများရှိရာ အကျဥ်းစခန်းများကို ဗုံးကြဲသတ်ဖြတ် ပိုမိုပြုလုပ်လာနေခြင်း ဖြစ်သည်။
#AB_News #ArakanState #Rakhine #WarCrimes #GenevaConvention #HumanRightsViolations #MilitaryCommission #ArakanArmy #POW #JusticeForPOWs #Airstrike #Massacre #SaveArakan #InternationalLaw #HumanitarianCrisis