သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသော စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်၊ ပညာရေးဝန်ထမ်းတစ်ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

AB News – နိုဝင်ဘာ ၁၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ကြက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်သည့် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပညာရေးဝန်ထမ်းတစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်)၊ ည ၈ နာရီ ၄၉ မိနစ်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်သည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ကြက်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းပေါ်သို့ ရော့ကတ် (Rocket) ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက “ တူမလေးမသေဆုံးခင်က ဦးလေးဖြစ်သူနဲ့ဖုန်းပြောနေတာ၊ ဂျက်လာတယ်လို့ပြောပြီးတာနဲ့ ဖုန်းကျသွားတယ်၊ ပြန်ဆက်သွယ်လို့မရတေ့ာဘူး၊ နောက်တေ့ာမှ တူမလေးသေသွားပြီလို့သိရတာ” ဟု AB News သို့ပြောဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ (၂) ဦးမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်ကျေးရွာမှ အသက် (၂၀) နှစ်အရွယ် စစ်ဘေးရှောင် ဇော်ဟိန်းသူနှင့် အသက် ၂၃ နှစ်အရွယ် မနုနုဝင်း တို့မှာ သေဆုံးသွားခဲ့ပြီး အခြား စစ်ဘေးရှောင်ပြည်သူ ၅ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားခဲ့ရသည်။

ထို့ပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်တစ်ခုလုံးနှင့် စာသင်ကျောင်းအနီးရှိ သင်္ချီတောင်ဓမ္မရိပ်သာဘုန်းကြီးကျောင်းမှာလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ယခု နိုဝင်ဘာလဆန်းပိုင်းမှစ၍ ရက္ခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ စာသင်ကျောင်း၊ တံတားနှင့် စစ်ဘေးရှောင် စခန်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အတွင်း၌လည်း မွေးကင်းစကလေးငယ်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ