သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အတိတ်ကို သင်ပုန်းချေပြီး အနာဂတ် အာရက္ခ​ပြည်ကို အတူတည်ဆောက်ရန် အသင့်ရှိကြောင်း မူဆလင်လူထု ပြော

AB News – နိုဝင်ဘာ ၈၊ ၂၀၂၆

အတိတ်က နာကျင်ဖွယ်အတွေ့အကြုံများကို သင်ခန်းစာယူကာ သင်ပုန်းချေပြီး အနာဂတ်အာရက္ခတွင် အခြားပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားယုံကြည်မှု တည်ဆောက်ရေးနှင့် သာယာဝပြောသော အာရက္ခနိုင်ငံသစ် ပေါ်ထွန်းလာရေးတို့အတွက် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း မူဆလင်ပြည်သူလူထုက ပြောကြားလိုက်သည်။

အာရက္ခတပ်တော် (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အသက် ၄၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မူဆလင်ပြည်သူလူထုတစ်ရပ်လုံးကိုယ်စား မောင်တောခရိုင်ဂျူရီက နိုဝင်ဘာ ၇ ရက်တွင် ပေးပို့သည့် မွေးနေ့ဆုတောင်းသဝဏ်လွှာ၌ ယင်းသို့ ဖော်ပြထားသည်။

သဝဏ်လွှာတွင် လက်ရှိအာရက္ခဒေသ၏ အကူးအပြောင်းကာလအတွင်း လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေး အတူတကွ နေထိုင်ကြသည့် ပြည်သူအားလုံး၏ အသက်အိုးအိမ်လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် တန်းတူညီမျှရေးတို့အတွက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မဟာဗျူဟာမြောက် မျှော်မှန်းချက်နှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေးပါကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် မူဆလင်လူထုအနေဖြင့် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် နာကျင်ဖွယ်အတွေ့အကြုံများကို အခြေခံကာ အတိတ်မှ သင်ခန်းစာယူပြီး အနာဂတ်တွင် အာရက္ခပြည်သူများနှင့်အတူ ယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်လေးစားယုံကြည်မှု တည်ဆောက်ရေးတို့ကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း အလေးအနက်ထား ဖော်ပြထားသည်။

အာရက္ခပြည်သူအားလုံး၏ အမျိုးသားအကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်အား မွေးနေ့ဆုမွန်ကောင်းတောင်းထားသည့်အပြင် ငြိမ်းချမ်းသာယာပြီး တရားမျှတသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ပါစေကြောင်း အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းမေတ္တာပို့သထားသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် အသက် ၄၈ နှစ်ပြည့်ခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ