AB News – စက်တင်ဘာ ၂၂၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား (Cox’s Bazar) ခရိုင်၊ အူခီယာ (Ukhiya) မြို့နယ်ရှိ မူဆလင် ဒုက္ခသည်စခန်း (Camp-5) နှင့် အနီးပတ်ဝန်းကျင်၌ ARSA အကြမ်းဖက်အဖွဲ့က ညဉ့်နက်ပိုင်း သန်းခေါင်ယံအချိန်တွင် သေနတ်ပစ်ဖောက်ခြင်းနှင့် လက်နက်ကိုင်ဆောင်ကာ အင်အားပြသမှုများ ပြုလုပ်နေသဖြင့် ဒုက္ခသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် နံနက် ၂ နာရီမှ ၃ နာရီခွဲဝန်းကျင်အချိန်အတွင်း ဒုက္ခသည်စခန်း (Camp-5) ရှိ (Block C) တွင် သေနတ်ပစ်ခတ်သံများ ပြင်းထန်းစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အခြားသော စခန်းများမှ ရောက်ရှိလာသည့် ARSA လက်နက်ကိုင်အဖွဲ့ဝင် အများအပြားသည် စခန်းအမှတ် (၅) ရှိ Block ‘B’ နှင့် Block ‘C’ တို့တွင် ညဉ့်နက်ပိုင်းအထိ လက်နက်များ ကိုင်ဆောင်ကာ လှည့်ပတ်သွားလာနေသည်ကို တွေ့ရှိခဲ့ရကြောင်း စခန်းအတွင်းရှိ သတင်းရင်းမြစ်များက ဖော်ပြပြောဆိုထားသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် မူဆလင် ဒုက္ခသည်များက ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၊ လက်နက်ကိုင် ရဲတပ်ရင်း (APBn)၊ စခန်းစီမံခန့်ခွဲရေးအဖွဲ့နှင့် ဥပဒေစိုးမိုးရေး အေဂျင်စီများအနေဖြင့် စခန်းနယ်မြေများအတွင်း ချက်ချင်း နယ်မြေရှင်းလင်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုထားကြသည်။
ယင်းအပြင် ဒုက္ခသည်စခန်းများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး အဆင့်မြှင့်တင်ပေးရေးအပြင် ARSA အကြမ်းဖက်အဖွဲ့၏ သောင်းကျန်းမှုနှင့် အန္တရာယ်များမှ ကာကွယ်နိုင်ရန် ထိရောက်သော ကြိုတင်ကာကွယ်ရေး အစီအမံများကို ချက်ချင်း ချမှတ်ဆောင်ရွက်ပေးရန် ဒုက္ခသည်များက အပြင်းအထန် တောင်းဆိုထားကြသည်။
Source – Islam Insight
