AB News – စက်တင်ဘာ ၂၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကို ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းသား ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ဆပ်သွားကျေးရွာအတွင်းသို့ ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆပ်သွားကျေးရွာနေ အသက် ၄၄ နှစ်အရွယ် ဦးနေအောင် နှင့် Grade-8 သင်ယူနေသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသား မောင်ဇွဲထက်အောင် တို့တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြသည်။
လက်ရှိတွင် ဒဏ်ရာရရှိသူ ၂ ဦးသည် နီးစပ်ရာ ဆေးရုံ/ဆေးခန်းတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဆပ်သွားကျေးရွာရှိ လူနေအိမ် ၁ လုံး၊ ဆိုင်ခန်း ၃ ခန်း ပြိုပျက်ပျက်စီးခဲ့သည့်အပြင် ဒေသခံများ မွေးမြူထားသည့် ဆိတ် ၂ ကောင်လည်း သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
လက်ရှိ မြေပြင်တိုက်ပွဲများတွင် အထိနာနေသည့် စစ်ကော်မရှင်တပ်သည် စစ်ရေးနှင့် မသက်ဆိုင်ဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို ဦးတည်၍ လေကြောင်းမှ စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာလျက်ရှိသည်။
Photo – APM
