
AB News – စက်တင်ဘာ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်က FPV Drone ဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက် ၂ နာရီခန့်တွင် ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောက်ဆိပ်ရွာ၌ စစ်ဘေးရှောင်နေသည့် ဝီရဌာနီမြို့နယ်၊ သဝင်ချောင်းကျေးရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်လှသန်းရီ သည် ဗုံးစထိမှန် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်။
သေဆုံးသူ ဒေါ်လှသန်းရီ၏ ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့အခြေစိုက် “ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း” ကူညီရေးအသင်းက သွားရောက် သယ်ဆောင် ပေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်၏ အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအပေါ် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တပ်တို့အကြား ပုဏ္ဏားကျွန်းနှင့် စစ်တွေ မြို့နယ်အစပ်တွင် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။
စစ်ကော်မရှင်တပ်သည် အဆိုပါ နယ်စပ်အနီးရှိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ တိုက်လေယာဉ်၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ အရပ်သားများ နေထိုင်ရာ ကျေးရွာများသို့ လာရောက် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေသည်။
Photo – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း