သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်တပ်၏ စစ်ရာဇဝတ်မှုများကို IIMM က သက်သေအထောက်အထားများ စုဆောင်းထားကြောင်း UN တွင် တင်ပြ

AB News – စက်တင်ဘာ ၉၊ ၂၀၂၆

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေး၌ မြန်မာနိုင်ငံအတွင်း စစ်ကော်မရှင်တပ်၏ အရပ်သား ပြည်သူများအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုဆိုင်ရာ သက်သေအထောက်အထားများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲ Nicholas Koumjian က တင်ပြခဲ့သည်။

IIMM ၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်ရာတွင် ပါဝင်သည့် တပ်ရင်းတပ်ဖွဲ့များအပြင် အဆိုပါ လေယာဉ်များ စတင်ပျံသန်းရာ လေတပ်စခန်းများကိုပါ တိကျစွာ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ထို့အပြင် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒဏ်ရာရသူများနှင့် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်သည့် “Double-tap” လေကြောင်းတိုက်ခိုက်မှု နည်းဗျူဟာများကိုလည်း စစ်ကော်မရှင်တပ်က ပိုမိုသုံးစွဲလာကြောင်း သက်သေအထောက်အထားများ ရရှိထားသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ် (Genocide Convention) နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုထားသည့် အမှုအတွက် တင်သွင်းထားသော သက်သေအထောက်အထား အများအပြားကို IIMM က ပံ့ပိုးကူညီပေးထားကြောင်း Koumjian က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန်နှင့် အရပ်သားများကို သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် စစ်ဘက်သုံး ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချနေမှုအားလုံး ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။

အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ တစ်နှစ်တာကာလအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား သတင်းရင်းမြစ်များအရ သေဆုံးသူ ၃,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက် အစည်းအဝေးကို ဂျနီဗာမြို့တွင် စက်တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ တစ်လကြာ ကျင်းပသွားမည်ဖြစ်သည်။

Ref; Independent Investigative Mechanism for Myanmar (IIMM)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ