သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နီပေါ-တရုတ်နယ်စပ် ရေကြီးမြေပြိုမှုကြောင့် လူရာနှင့်ချီ ပျောက်ဆုံး၊ သေဆုံးသူ ၉၈ ဦးအထိ ရှိလာ

AB News – ဩဂုတ် ၂၆၊ ၂၀၂၆

နီပေါ – တရုတ်နယ်စပ်တစ်လျှောက် ဩဂုတ် ၂၆ ရက်တွင် ပြင်းထန်သည့် ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး နီပေါနိုင်ငံတွင် အနည်းဆုံး ၉၅ ဦးနှင့် တိဗက်ဒေသတွင် ၃ ဦး သေဆုံးကာ လူရာနှင့်ချီ ပျောက်ဆုံးနေသည်။

နီပေါနိုင်ငံ၊ ဘာဂ်မတီ (Bagmati) ပြည်နယ် ရဲတပ်ဖွဲ့၏ အဆိုအရ ရေကြီးမှုကြောင့် နိုင်ငံမြောက်ပိုင်းရှိ မြစ်ကမ်းတစ်လျှောက် ကျေးရွာများနှင့် အခြေခံအဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့ပြီး သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာနိုင်ကြောင်း ဆိုသည်။

နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ အချက်အလက်များအရ ခရီးသွား ၄၀၀ နီးပါး ပျောက်ဆုံးနေပြီး ယင်းတို့အနက် နိုင်ငံခြားသား အများအပြား ပါဝင်သည်။

အီတလီနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေသတွင်းရှိ အီတလီနိုင်ငံသား ၉၀ ခန့် ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုမှ အလုပ်သမား ၆၀ ခန့်လည်း ပျောက်ဆုံးနေသည်။

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂျီရောင်းခရိုင်တွင်လည်း မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၃ ဦး သေဆုံးကာ ၂၆၅ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် CCTV က ဖော်ပြသည်။

ရေကြီးမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ငလျင်တစ်ခုကြောင့် ကြီးမားသည့် မြေပြိုမှု ဖြစ်ပွားကာ ဘိုတေးကိုရှီမြစ်ကို ပိတ်ဆို့ခဲ့ပြီး ရေထုနှင့် ရွှံ့နွံများ ရုတ်တရက် အောက်ဘက်ဒေသများသို့ စီးဆင်းလာခြင်း ဖြစ်နိုင်ကြောင်း နီပေါနိုင်ငံခြားရေးဝန်ကြီး ရှီရှီရ် ခါနယ် (Shishir Khanal) က ပြောသည်။

နီပေါ – တရုတ် အဓိကနယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုလည်း ရေကြီးမှုနှင့် မြေပြိုမှုကြောင့် ပြင်းထန်စွာ ပျက်စီးခဲ့သည်။ ရုပ်သံမှတ်တမ်းများတွင် ရေ၊ ရွှံ့နှင့် အပျက်အစီးများ အရှိန်ပြင်းစွာ စီးဆင်းလာပြီး အဆောက်အအုံများနှင့် လမ်းတံတားများကို ဖုံးလွှမ်းသွားသည်ကို တွေ့ရသည်။

နီပေါစစ်တပ်က ရဟတ်ယာဉ်များ အသုံးပြု၍ ရေကြီးမှုအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်နေပြီး တရုတ်ဘက်တွင်လည်း ကယ်ဆယ်ရေးဝန်ထမ်း ၆၀၀ ခန့်နှင့် ရှာဖွေကယ်ဆယ်ရေးခွေးများ၊ အသက်ရှင်သူရှာဖွေရေးကိရိယာများနှင့် ရေယာဉ်များကို အသုံးပြုကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ရေကြီးမှုကြောင့် နီပေါနိုင်ငံ မြောက်ပိုင်းရှိ လမ်းတံတားများ၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အားပေး အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့သည်။

ကျွမ်းကျင်သူများက ဟိမဝန္တာဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေခဲမြစ်များ အရည်ပျော်မှုနှင့် တောင်စောင်းများ မတည်ငြိမ်မှု ပိုမိုမြင့်တက်လာနေပြီး ယင်းက ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေကြောင်း သုံးသပ်ထားသည်။

လက်ရှိတွင် နီပေါနှင့် တရုတ်အာဏာပိုင်များသည် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်။

Ref: CNN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ