
AB News – ဩဂုတ် ၁၅၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန် ပေးပို့ထားသည့် နေရပ်စွန့်ခွာသူများစာရင်းတွင် စစ်ကော်မရှင်၏ စစ်ဆေးချက်အရ အကြမ်းဖက်ကျူးလွန်သူ ၄,၂၄၁ ဦး ပါဝင်နေသည်ဟု စစ်ကော်မရှင်ဘက်က ထုတ်ပြန်ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသည့် လူဦးရေ ၈ သိန်းကျော် အမည်စာရင်းအနက် ၄ သိန်းကျော်ကို ဇူလိုင်လ ၃၁ ရက်အထိ စိစစ်ပြီးဖြစ်ပြီး စစ်ပြီးသူများအနက် ရက္ခိုင်ပြည်တွင် အမှန်တကယ်နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈,၇၉၇ ဦး၊ ရက္ခိုင်ပြည်အတွင်း နေထိုင်ခဲ့ကြောင်းအထောက်အထား မတွေ့ရှိသူ ၁၁၃,၅၀၇ ဦး နှင့် အကြမ်းဖက်လုပ်ရပ်များနှင့် ဆက်နွှယ်ပတ်သတ်နေသူ ၄၂၄၁ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာသည့် နေရပ်စွန့်ခွာသူစာရင်းကို ထက်ဝက်ကျော်သာစိစစ်ပြီးပြီး ကျန်ရှိနေသည့် စာရင်းများကိုလည်း ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဟုလည်း စစ်ကော်မရှင်ကဆိုသည်။
၂၀၁၇ အရေးခင်းမဖြစ်မီ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်တို့တွင် မူဆလင် ၇၄၀,၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်စဉ်အပြီးတွင် ၂၀၀,၀၀၀ ကျော် ကျန်ရှိခဲ့သဖြင့် ၅၄၀,၀၀၀ ကျော်သာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ နေရပ်စွန့်ခွာသူ ၁ သန်းကျော်ရှိသည်ဆိုသည့် နိုင်ငံတကာ မီဒီယာများ၏ ဖော်ပြချက်မှာ မှားယွင်းကြောင်း စစ်ကော်မရှင်တပ်က စွပ်စွဲထားသည်။
ယခင်က ၂၀၁၈ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် ပြန်လည်လက်ခံရန် စီစဉ်ခဲ့သော်လည်း ဝင်ရောက်သူမရှိခဲ့ကြောင်းနှင့် ရက္ခိုင်ပြည်အတွင်း လုံခြုံရေးအခြေအနေ တိုးတက်လာမှသာ အထောက်အထားတွေ့ရှိသူများကို ပြန်လည်လက်ခံရေး ညှိနှိုင်းသွားမည်ဟု ထုတ်ပြန်ထားသည်။
သို့သော်လည်း လက်ရှိတွင် ရက္ခိုင်ပြည်၏ (၉၉ %) ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ရေးပြင်းထန်နေချိန်ဖြစ်သည့်အတွက် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်ပါ ပြန်လည်လက်ခံရေး အစီအစဉ်အပေါ် စစ်ရေး အရှိန်အဟုန်အရ လက်တွေ့ဖြစ်နိုင်ခြေ မရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။