AB News – ဇူလိုင် ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့တွင် ရေကြီးရေလျှံမှုဖြစ်စဉ်အပြီး မြစ်ရေများ ပြန်လည်ကျဆင်းသွားသော်လည်း ရေတိုက်စားမှုနောက်ဆက်တွဲကြောင့် မြစ်ကမ်းပါးများ ဆက်လက်ပြိုကျလျက်ရှိရာ နေအိမ်နှင့် ဆိုင်ခန်း ၃၀ ထက်မနည်း ထပ်မံပြိုကျနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုမှာ မင်းပြားမြို့ပေါ်ရပ်ကွက်များဖြစ်ကြသော ရွှေပြည်စိုး၊ ပြည်တော်လှနှင့် ဦးစိုးတင့်ရပ်ကွက်များတွင် ပြင်းပြင်းထန်ထန် ခံစားနေရခြင်း ဖြစ်သည်။
မင်းပြားမြို့တွင် ယခုကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုဖြစ်စဉ်များ ကြုံတွေ့နေရခြင်းမှာ ယခုအကြိမ် ပထမဆုံးကြုံတွေ့ခံစားနေရခြင်းမဟုတ်ဘဲ ယခင်နှစ်များစွာကတည်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရေရှည်အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
ဇူလိုင်လ ၁၀ ရက်နေ့က လေးမြို့မြစ်ရေတိုက်စားမှုကြောင့် မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်တွင် စားသောက်ဆိုင် ၃ ဆိုင်၊ ကုန်စုံဆိုင် ၁ ဆိုင်နှင့် လက်ဖက်ရည်ဆိုင်စ်ဆိုင် စုစုပေါင်း ဈေးဆိုင်ခန်း ၅ ခန်း မြစ်ထဲသို့ ပြိုကျပျက်စီးသွားခဲ့သည်။
၎င်းဆိုင်ပိုင်ရှင်များမှာ မင်းသိန်းနွယ်၊ မကြီး၊ ဦးဝင်းဇော်၊ ဦးညွှန့်လှိုင်နှင့် စံလှအောင်တို့ ဖြစ်ကြပြီး၊ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ စံလှအောင်မှာ ရေကြီးရေလျှံမှု မဖြစ်မီ ရက်ပိုင်းက အဆိုပါမြေနေရာကို ကျပ် သိန်း ၁၃၀ ဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းပြိုကျပျက်စီးဆုံးရှုံးခဲ့ရသူတစ်ဦးဖြစ်သည့် ဦးမင်းသိန်းနွယ်က “ဒီကမ်းပါးပြိုကျတဲ့အခြေအနေကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ နည်းလမ်းမှန်မှန်နဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ်ဘဲ ဒီအတိုင်းသာ ပစ်ထားလိုက်မယ်ဆိုရင်တော့ နောက်ထပ် ၅ နှစ်တောင် မကြာပါဘူး။ တစ်မြို့လုံး အကုန်ပြိုကျသွားနိုင်ခြေ ရှိပါတယ်” ဟု AB News သို့ ပြောဆိုသည်။
ထို့ပြင် မြစ်ရေတိုက်စားမှုကြောင့် ဆိုင်ခန်းရေထဲမျောပါသွားသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မကြီးကလည်း “ကမ်းပြိုကျသွားတာနဲ့ချက်ချင်း အိမ်က မပါသွားသေးဘူး။ နေအိမ်ရဲ့ အောက်မှာ မြေတိုက်စားသွားတော့ နေအိမ်ဟာ တွဲလောင်းကျန်ခဲ့ပြီး ဘယ်သူမှ မတက်ရဲကြတော့ဘူး။ မနေ့က မနက် ၄ နာရီကျော်လောက်မှာမှ ရေထဲပါသွားတာ။ ပစ္စည်းတစ်ဝက်လောက်ပဲ ယူလို့ရလိုက်တယ်။ ဆိုင်က ယိုင်နဲ့တွဲလောင်းဖြစ်နေပြီဆိုတော့ ဘယ်သူမှ မတက်ရဲကြတော့ဘူးလေ။ ပစ္စည်းဆုံးရှုံးမှုကတော့ များပါတယ်” ဟု ပြောသည်။
မင်းပြားမြို့ခံပြည်သူများမှာ မိုးရာသီရောက်လျှင် ရေကြီးမှုဒဏ်ကို နှစ်စဉ်နှင့်အမျှ ခံစားနေကြရပြီး ကျောက်တန်းမရှိသည့် မြစ်ကမ်းဘေးတွင် နေထိုင်ကြသည့် ဦးစိုးတင့်ရပ်ကွက်တွင်လည်း ရေတိုက်စားမှုကြောင့် နှစ်စဉ်နှစ်တိုင်း ကမ်းပြိုကျမှုဒဏ်ကို ခံစားနေကြရမြဲဖြစ်သည်။
ဦးစိုးတင့်ရပ်ကွက်မှ ကမ်းပြိုကျမှုဒဏ်ကို ၂ နှစ်ဆက်တိုက် ခံစားခဲ့ရပြီး နေအိမ်တစ်ခြမ်း မြစ်ထဲပါသွားသူ မပန်းမူ ကလည်း “မနှစ်ကလည်း ကျွန်မတို့ နေအိမ်တစ်အိမ်လုံး ရေထဲမျောပါသွားခဲ့တယ်။ ဒါနဲ့ နေစရာအိမ်မရှိလို့ အုပ်ချုပ်ရေးမှူးက လမ်းပေါ် တစ်ဝက်တင်ပြီး ဆောက်ခိုင်းလို့ ကိုယ့်ရဲ့ အိမ်ရာတစ်ခြမ်းနဲ့ လမ်းပေါ်မှာ တင်ဆောက်ထားတာပါ။ အခုလည်း ဒီနှစ်မှာ နေအိမ်တစ်ခြမ်း ထပ်ပြီး ပါသွားပြန်ပြီ။ အခုလက်ရှိ နေဖို့အိမ် မရှိသေးဘူး။ အိမ်ငှားနေဖို့ အိမ်ထပ်ရှာရဦးမယ် ” ဟု ၎င်း၏ အခက်အခဲကို ရင်ဖွင့်ပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့အထိ စုဆောင်းရရှိထားသည့် မြေပြင်အချက်အလက်များအရ ရွှေပြည်စိုးရပ်ကွက်မှ အိမ်ခြေ ၁၀ ဆောင်ခန့်၊ ပြည်တော်လှရပ်ကွက်ရှိ မြစ်ကမ်းဘေးတစ်လျှာက်စျေးဆိုင်ခန်းများနှင့် ဦးစိုးတင့်ရပ်ကွက်ရှိ နေအိမ်အများအပြားမှာ စိုးရိမ်ရသည့်အခြေအနေရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ကလည်း မြစ်ကမ်းဘေး မြေပြိုကျသည့် နေရာတစ်လျှောက်ရှိ ကွန်ကရစ်လမ်းအချို့ပါ အက်ကွဲပြိုကျပျက်စီးနေသည်ကို AB News က ကွင်းဆင်းသတင်းယူစဉ် မြင်တွေ့ခဲ့ရသည်။
(ဓာတ်ပုံ – Arakan Bay News)




