သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောတွင် အဓမ္မကျူးလွန်ခံရသည့် မိန်းကလေးငယ်တစ်ဦး ကိုယ်ဝန် ၃ လ‌ကျော်ရှိနေ

(တရားခံ လွတ်မြောက်နေဆဲ ဖြစ်၍ နစ်နာသူ၏ မိသားစုဝင်များ စိုးရိမ်နေ)
AB News – ဇွန် ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ယင်ရဲကန်ကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မကျူးလွန်ခံရပြီးနောက် လက်ရှိတွင် ၃ လကျော် (၄ လဆန်း) ကိုယ်ဝန်ရှိနေကြောင်းနှင့် ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့၊ ည ၉ နာရီခန့်အချိန်တွင် နစ်နာသူ မိန်းကလေးငယ် လှလှ (အမည်လွှဲ) သည် သူငယ်ချင်းများနှင့် မုန့်လုပ်စားပြီးနောက် နေအိမ်သို့ ပြန်လာစဉ် နေအိမ်အနီးရှိ လမ်းကြားသို့ အတင်းအဓမ္မ ဆွဲခေါ်ခြင်းခံရပြီး လိင်ပိုင်းဆိုင်ရာကျူးလွန်ခြင်း ခံခဲ့ရကြောင်း ဆိုသည်။

ကျူးလွန်သူမှာ ပေါက်တောမြို့နယ်၊ ယင်ရဲကန်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကျော်သိန်း ဖြစ်ကြောင်း နစ်နာသူ က ဆိုသည်။

နစ်နာသူ မိန်းကလေးငယ်၏ ပြောပြချက်အရ “အိမ်အဝင်လမ်းကြားက မှောင်နေတော့ သူငယ်ချင်းတွေက လမ်းကြားထဲထိ မဝင်ရဲဘူးဆိုပြီး တံတားနားအထိပဲ လိုက်ပို့ပေးပြီး ပြန်သွားကြတယ်။ တံတားအလွန် လမ်းမှာတင် ဦးမောင်ကျော်သိန်းက ကျမလက်မောင်းကို ဆွဲပြီး သူ့အိမ်က အိမ်သာထဲကို အတင်းဆွဲခေါ်သွားတယ်။ ကျမက အော်မယ်လို့ ပြောတော့ သူက ‘လူတွေကြားသွားရင် နင်ပဲအရှက်ကွဲမှာ၊ ငါက ယောက်ျား ဘာမှမဖြစ်ဘူး’ လို့ ခြိမ်းခြောက်ပြီး အခုလို ကျူးလွန်ခဲ့တာပါ” ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်ခံရသည့် မိန်းကလေးငယ်မှာ ၎င်း၏ ဖခင်ဖြစ်သူထံ ရိုက်နှက်ခံရမည်ကို စိုးရိမ်၍ မည်သူ့ကိုမျှ ဖွင့်ဟမပြောဘဲ နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

 နောက်ပိုင်းတွင် သူမ နေမကောင်းဖြစ်ပြီး ရာသီသွေး(menstruation) မလာသဖြင့် ကျေးရွာသူနာပြုထံတွင် မိသားစုဝင်များက စစ်ဆေးကြည့်ရာမှ ကိုယ်ဝန်ရှိနေသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။

နစ်နာသူမိန်းကလေး၏ မိခင်ဖြစ်သူက “အဒေါ်က နေမကောင်းတဲ့သူဖြစ်တော့ မိသားစုတွေက ဘာမှမပြောပြကြဘူး။ ဖုံးဖိထားကြတယ်။ အဲဒီကိစ္စပြီးတဲ့နောက်မှာ သမီးက နေမကောင်းဖြစ်တယ်။ ရာသီလဲ မလာဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျမက အဲဒါကို သွေးအားနည်းလို့ပဲ ထင်ခဲ့တယ်။ နောက်တော့ ကျူးလွန်သူ မောင်ကျော်သိန်းရဲ့ ဇနီးက ကျမရဲ့ အစ်မတွေကို ဒီမိန်းကလေးက မူမမှန်ဘူး။ ဆေးစစ်ကြည့်တာ ကောင်းမယ်ထင်တယ်လို့ ပြောလို့ ကျမရဲ့ သမီးဆီက ဆေး ကို ယူပြီး စစ်ကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဆေး ယူတဲ့အိပ်က မသန့်လို့ မပေါ်ဘူး။ နောက်တစ်ကြိမ် ကျေးရွာသူနာပြုက သမီးကို ခေါ်ပြီး စစ်ကြည့်တော့ ကိုယ်ဝန်ရှိနေမှန်း သိခဲ့ရတာပါ” ဟု ဆိုသည်။

နစ်နာသူ မိန်းကလေးငယ်၏ မိခင်မှာ ယာဉ်မတော်တဆမှုကြောင့် ခြေထောက်မသန်စွမ်းဘဲ လည်ပင်းတွင် စတီးရိုးထည့်ထားရသည့် နာတာရှည်လူနာဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း ကျပန်းလုပ်ကိုင်ကာ မိသားစုကို ကျွေးမွေးနေရသူ ဖြစ်သည်။ ထို့ပြင် မိသားစုတွင် ၁၀ နှစ်အရွယ် မောင်လေးတစ်ဦး ရှိပြီး မိန်းကလေးငယ်မှာ အသက်ငယ်ရွယ်သော်လည်း အိမ်တွင်းတာဝန်အားလုံးကို ဦးဆောင်ဖြေရှင်းနေရသူ ဖြစ်သည်။

ထို့အပြင် ကျူးလွန်ခံရသူ မိန်းကလေးမှာ ၃ လပြည့် (၄ လဆန်း) ကိုယ်ဝန်ရှိနေခဲ့သည့်အတွက် မိသားစုဝင်များမှာ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို အဖြေရှာမရ ဖြစ်နေကြရပြီး ဖျက်ချလိုက်မည်ဆိုပါက ဥပဒေနှင့် ငြိမ့်စွန်းမည်ကို စိုးရိမ်နေကြကာ လက်ရှိတွင် စိတ်ဒဏ်ရာ ရရှိနေကြသည်။

မိသားစုဝင်များသည် ကိုယ်ဝန်ရှိနေကြောင်း သိရှိရပြီးနောက် ဇွန်လ ၁၈ ရက် ညဉ့်အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) သို့ သွားရောက်ကာ သက်ငယ်မုဒိမ်းမှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြကြောင်းသိရသည်။

တိုင်ကြားချက်အရ DLEPS တာဝန်ရှိသူများက ဇွန်လ ၁၉ ရက်၊ ညနေ ၄ နာရီတွင် တိုင်ကြားလာသူများနှင့် တစ်ပါတည်းလိုက်လာကာ လာရောက်ဖမ်းဆီးခဲ့သော်လည်း တရားခံ ဦးမောင်ကျော်သိန်း မှာ ညနေ ၃ နာရီခန့်အချိန်ကတည်းက စက်လှေဖြင့် ကံမြင့်ကျေးရွာဘက်သို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းသန်းက “တရားခံက ကံမြင့်ရွာဘက်ကို ပြေးသွားတယ်လို့ သိရလို့ ကျနော်တို့လည်း DLEPS နဲ့ ပူးပေါင်းပြီး ကံမြင့်ရွာ အနီးပတ်ဝန်းကျင်အထိ သွားရောက်ရှာဖွေခဲ့ပါတယ်။ ကံမြင့်ရွာအုပ်ချုပ်ရေးမှူးကိုလည်း သတင်းပေးထားပါတယ်။ အခုက ကလေးမလေးမှာ ကိုယ်ဝန်က ၃ လပြည့်လို့ ၄ လဆန်းနေပြီ။ ကိုယ်ဝန်က ရင့်လာပြီဖြစ်ပေမယ့် တရားခံကို ဖမ်းမရသေးတော့ ဘာမှ ဆက်လုပ်လို့မရ ဖြစ်နေတယ်။ လောလောဆယ် ကိုယ်ဝန်ကိုတော့ ရွာက နာ့စ် (သူနာပြု) ထံမှာ တာဝန်ရှိသူတွေက အပ်နှံခဲ့ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် တရားခံ ဦးမောင်ကျော်သိန်း လွတ်မြောက်နေသည်မှာ ၁၁ ရက်ခန့် ကြာမြင့်နေပြီဖြစ်၍ နစ်နာသူ မိသားစုဝင်များနှင့် ဒေသခံများက တရားခံကို အမြန်ဆုံး ဖမ်းဆီးပြီး ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား အရေးယူပေးနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။
အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းထုတ်​ပြန်​ရေးအဖွဲ့၏ ​ထုတ်ပြန်ချက်များအရ အသက် ၁၆ နှစ်အောက် အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းသည် ကာယကံရှင်၏ သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မုဒိမ်းမှုအလိုအလျောက်မြောက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမြင့်ဆုံး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်သည့်အပြင် တရားခံအား ထွက်ပြေးပုန်းအောင်းရန် ကူညီပေးသူများကိုလည်း တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ