
AB News – ဇွန် ၂၇၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်ရှိ လမ်းဘေးရေမြောင်းတစ်ခုတွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ရာ ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့က ၎င်း၏ ရုပ်အလောင်းအား ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ကူညီဆယ်ယူပေးခဲ့ကြောင်းသိရသည်။
သေဆုံးခဲ့သူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွာမရပ်ကွက်မှ ပန်းနီလာရွာတွင် စစ်ရှောင်နေထိုင်နေသည့် အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ဝင်းဖြစ်ပြီး ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့ ဒီဦးလေးက ဇွန်လ ၂၅ ရက်နေ့၊ ညနေ ၆ နာရီထဲက အိမ်က ထွက်သွားတာပါ။ အရက် နည်းနည်းလောက်သောက်ပြီး ပြန်အလာမှာ လမ်းဘေးက မြောင်းထဲကို ထိုးကျသွားပုံရပါတယ်။ ပန်းနီလာရွာအနီးက ရေအင်းထဲမှာ အဲဒီဦးလေးရဲ့ ရုပ်အလောင်းကို လမ်းသွားလမ်းလာတွေက တွေလို့ အကြောင်းကြားလာတာပါ” ဟု ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုခိုင်ဟိန်းထက်က AB News သို့ ပြောသည်။
ရေနစ်သေဆုံးသူ၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သင်္ဂြုလ်နိုင်ရန် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနှင့် ရက္ခိုင်မျိုးချစ်လူငယ် ဖောင်ဒေးရှင်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း